အန်ဖီးလ်မှာ ၂၀၂၅-၂၆ ရာသီ ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ နယ်သာလန် လူမျိုး နည်းပြ အာနေး ဆလော့တ်ဟာ အခကြေးငွေ လုပ်ခလစာ မြင့်မြင့်မားမား ရမယ့် အခွင့်အရေးကို လျစ်လျူရှုလိုက်ပါတယ်။ သူဟာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ် အာလီကို ကိုင်တွယ်ဖို့ စိတ်ဝင်စားမှု လုံးဝ မရှိတာကြောင့် လုပ်ခလစာ အမြောက်အမြား ရရှိမယ့် အခွင့်အရေးကို လက်လွှတ်လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
ပြီးခဲ့တဲ့ မေလ အတွင်း အန်ဖီးလ်မှာ ဒုတိယမြောက်ရာသီ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် လစ်ဗာပူးလ်နဲ့ လမ်းခွဲခဲ့ရတဲ့ ဆလော့တ်ဟာ အသင်း လက်မဲ့ ဖြစ်နေခဲ့တာပါ။ ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်း လူမြင်ကွင်းနဲ့ ဝေးရာမှာပဲ တိတ်တဆိတ် နေထိုင်ခဲ့ပေမယ့် နယူးကာဆယ် နည်းပြ အက်ဒီ ဟောင်းဝ် ရာထူး ကနေ ထွက်ခွာသွားချိန် မှာတော့ သူ့ရဲ့ နာမည်ဟာ သတင်းစာမျက်နှာတွေထက်ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။
နယူးကာဆယ်ဟာ အက်ဒီ ဟောင်းဝ်ရဲ့ နေရာမှာ မားသီးယက်စ် ယက်စလီကို အစားထိုး ခန့်အပ်ဖို့ မျှော်လင့်ရတာကြောင့် ဆော်ဒီပရိုလိဂ် ကလပ် အဲလ် အာလီမှာ နည်းပြ နေရာ လစ်လပ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ လစ်လပ်တော့မယ့် နည်းပြ နေရာ အတွက် ဆလော့တ်ရဲ့ နာမည် ထွက်ပေါ်လာခဲ့ပေမယ့် အသက် ၄၇ နှစ် အရွယ် နည်းပြ အနေနဲ့ ဆော်ဒီအာရေဗျကို ပြောင်းရွှေ့ဖို့ အစီအစဉ် မရှိဘူးလို့ ESPN က ဖော်ပြခဲ့ပါတယ်။
ဆော်ဒီပရိုလိဂ် ကလပ် အဲလ် အာလီ အနေနဲ့ ဆလော့တ်ကို မက်မောစရာ အခကြေးငွေ ကမ်းလှမ်းမှာတော့ သေချာနေပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်ထဲက လီဗာပူးလ်ကို ပရီးမီးယားလိဂ် ချန်ပီယံဆု ရအောင် ဦးဆောင်ပေးခဲ့တဲ့ နည်းပြ တစ်ယောက် အတွက်တော့ ဒီကလပ်ဟာ သိပ်ပြီး ဆွဲဆောင်မှု မရှိတဲ့ ပန်းတိုင်တစ်ခု ဖြစ်နေတာပါ။
ဆလော့တ်ရဲ့ နောက်ထပ် ခြေလှမ်းက ဘာလဲ
ESPN ရဲ့ ဖော်ပြချက်အရ ဆလော့တ်ဟာ ဥရောပ ထိပ်သီးလိဂ် တစ်ခုခုက ကလပ် အသင်း တစ်သင်းကို ပြန်လည် ကိုင်တွယ်ဖို့ ဦးစားပေး စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒီနွေရာသီမှာ အင်္ဂလန်၊ ဂျာမနီနဲ့ အီတလီက အသင်းတွေ သူ့ကို ဆက်သွယ်ခဲ့ကြပေမယ့် ဆလော့တ်က အသင်း လက်မဲ့ ဖြစ်နေသေးတာပါ။ ဒါ့အပြင် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ နယ်သာလန် အသင်း (၃၂) သင်း အဆင့်နဲ့ ထွက်လိုက်ရပြီးနောက် ရော်နယ်လ် ကိုးမန်း ထွက်ခွာသွားခဲ့တာကြောင့် နယ်သာလန် အမျိုးသား အသင်းရဲ့ နည်းပြသစ် အဖြစ်လည်း ဆလော့တ်ရဲ့ နာမည် ထွက်ပေါ်ခဲ့ပါသေးတယ်။
ကာလို အန်ဆယ်လော့တီ၊ ဇနက်ဒင် ဇီဒန်းနဲ့ မော်ရီစီယို ပိုချက်တီနို တို့လိုပဲ ဆလော့တ် အနေနဲ့လည်း လက်ရွေးစင် အသင်း အဆင့်မှာ နည်းပြဘဝ စာမျက်နှာသစ် စတင်နိုင်မှာ ဖြစ်ပေမယ့် ဟော်လန် လူမျိုး နည်းပြ ကတော့ ကလပ် အသင်း အဆင့်မှာပဲ သူ့ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်ယူဖို့ ပြင်ဆင်နေတဲ့ လက္ခဏာတွေ တွေ့မြင်နေရပါတယ်။

ဖီယင်နော့ဒ် အသင်းကို ကိုင်တွယ်စဉ်က အထင်ကြီးစရာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် လစ်ဗာပူးလ် အသင်းဟာ ဆလော့တ်ကို ၃ နှစ် စာချုပ်နဲ့ ငှားရမ်းခဲ့တာပါ။ အသင်းရဲ့ ဂန္ထဝင် နည်းပြ ယာဂန် ကလော့ပ်ရဲ့ နေရာမှာ အစားထိုးဖို့ ဆိုတာ မဖြစ်နိုင်သလောက် ခက်ခဲတဲ့ တာဝန် ဖြစ်ခဲ့ပေမယ့် အသက် ၄၇ နှစ် အရွယ် နည်းပြဟာ ပထမဆုံး ရာသီမှာတင် အန်ဖီးလ်ဆီ ပရီးမီးယားလိဂ် ဖလားကို ယူဆောင်ပေးနိုင်ခဲ့ပါတယ်။
လစ်ဗာပူးလ်ဟာ သူတို့ရဲ့ အကြိမ် (၂၀) မြောက် ပရီးမီးယားလိဂ် ဖလား အောင်ပွဲ အပြီး နွေရာသီမှာ အလက်ဇန္တး အိဆက်ခ်၊ ဖလော်ရီယန် ဗစ်ဇ်နဲ့ ဟူဂို အစ်ကီတီကေး တို့လို ကစားသမားတွေကို ခေါ်ယူဖို့ ပေါင် သန်း ၄၅၀ နီးပါး အထိ စံချိန်တင် သုံးစွဲခဲ့ပါတယ်။ ဒါပေမယ့် အသင်းဟာ ဆုဖလား တစ်ခုမှ မရရှိခဲ့ဘဲ အမှတ်ပေးဇယား အဆင့် (၅) နဲ့ပဲ အဆုံးသတ်ခဲ့ရပြီး ချန်ပီယံလိဂ် ဝင်ခွင့်ကို ကပ်ပြီး ရရှိခဲ့တာပါ။
လစ်ဗာပူးလ် အသင်းဟာ အသင်းရဲ့ အိုင်ကွန် မိုဟာမက် ဆာလာနဲ့ နည်းပြကြား အများမြင်ကွင်းမှာ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ချိန်မှာတောင် ဆလော့တ်ကို တစ်ရာသီလုံး ထောက်ခံပေးခဲ့ပါတယ်။ ဒါပေမယ့် ရာသီကုန်ချိန် မှာတော့ ဟော်လန်လူမျိုး နည်းပြကို ရာထူး ကနေ ထုတ်ပယ်ခဲ့ပြီး အန်ဒိုနီ အီရာအိုလာနဲ့ အစားထိုးခဲ့ပါတယ်။
တခြား ရာသီ ပြင်ပ အပြောင်းအရွှေ့တွေမှာ ဆိုရင် ဆလော့တ်လို နည်းပြမျိုးကို အင်္ဂလန်က ထိပ်သီး ကလပ် တစ်ခုခုက လက်ဦးအောင် ခေါ်ယူကြမှာ ဖြစ်ပေမယ့် မန်ချက်စတာစီးတီးမှာ အန်ဇို မာရက်စကာ၊ ချဲလ်ဆီးမှာ ဇာဘီ အလွန်ဆို စတဲ့ နည်းပြ အသီးသီး ရှိနေခဲ့ကြပါတယ်။ တစ်ဖက် မှာလည်း မိုက်ကယ် ကာရစ်ခ်က မန်ချက်စတာယူနိုက်တက်မှာ အမြဲတမ်း နည်းပြ ဖြစ်လာခဲ့သလို ရော်ဘတ်တို ဒီဇာဘီ ကလည်း တော့တင်ဟမ်ဟော့စပါးမှာ နေရာမြဲခဲ့ပါတယ်။
ဥရောပ တစ်ခွင်မှာလည်း ရီးရဲလ်မက်ဒရစ်က ဟိုဆေး မော်ရင်ညိုကို အဖွဲ့ခေါင်းဆောင် အဖြစ် ခန့်အပ်ခဲ့ပြီး ရူဘင် အမော်ရင်က အေစီမီလန်ကို ပြောင်းလဲ ကိုင်တွယ်ခဲ့ပါတယ်။ ဒါကြောင့် ဆလော့တ် အနေနဲ့ ဥရောပ ထိပ်သီး အသင်းကြီးတွေ မထင်မှတ်ဘဲ နည်းပြ အပြောင်းအလဲ လိုအပ်လာမယ့် ရာသီဝက်ကာလ အထိ စောင့်ဆိုင်းရဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဥရောပ ထိပ်သီး ကလပ်တွေရဲ့ နည်းပြ အပြောင်းအလဲ မြန်ဆန်မှုကို ကြည့်ရင်တော့ လာမယ့် ဇန်နဝါရီလ မတိုင်ခင်မှာပဲ ဆလော့တ် အနေနဲ့ စာချုပ်သစ် တစ်စောင် ရရှိသွားနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


