ပြင်သစ် လက်ရွေးစင် အသင်းမှာ အားလုံး အတွက် အံ့အားသင့်စေမယ့် ချန်လှပ်မှု နှစ်ခု ရှိခဲ့ပေမယ့် နည်းပြ ဒီဒီယာ ဒက်စ်ရွှမ့်စ် ကတော့ လာမယ့် ကမ္ဘာ့ဖလား အတွက် အင်အား တောင့်တင်းတဲ့ ကစားသမား ၂၆ ဦး လူစာရင်းကို ထုတ်ပြန်လိုက်ပါတယ်။
အက်ဒူယာဒို ကာမာဗင်ဂါနဲ့ ရန်းဒဲလ် ကိုလို မူအာနီ တို့ဟာ ပြင်သစ် အသင်းရဲ့ လူစာရင်းမှာ ပါဝင်လာခြင်း မရှိဘဲ၊ နည်းပြ ဒက်စ်ရွှမ့်စ် အတွက်တော့ ဒါဟာ သူရဲ့ နောက်ဆုံးသော ပြိုင်ပွဲကြီး အတွက် ရွေးချယ်လိုက်တဲ့ လူစာရင်းလည်း ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က ပြင်သစ်ကို ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးခဲ့တဲ့ ဒက်စ်ရွှမ့်စ်ဟာ ဒီပြိုင်ပွဲ အပြီး မှာတော့ နည်းပြ ရာထူး ကနေ နုတ်ထွက်တော့မှာ ဖြစ်ပါတယ်။ သူဟာ ပြင်သစ် လက်ရွေးစင် အသင်း ကို ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၁၆ ယူရို ပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲ အထိ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဒုတိယဆုတွေ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
ကာမာဗင်ဂါဟာ ဒီရာသီ ရီးရဲလ်မက်ဒရစ်မှာ ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပြီး ၂၀၂၅-၂၀၂၆ ရာသီ အတွင်း ပြိုင်ပွဲစုံမှာ ၂၃ ပွဲသာ ပွဲထွက်ခဲ့ရတဲ့ အတွက် သူ့ကို ချန်လှပ်လိုက်တာက အကြီးမားဆုံး အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ အလားတူပဲ ကိုလို မူအာနီ ကလည်း ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန် ကနေ ရုန်းကန်နေရတဲ့ တော့တင်ဟမ်ဟော့စပါး အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရသူပါ။ ပြီးခဲ့တဲ့ အဓိက ပြိုင်ပွဲကြီး နှစ်ခုမှာ ပြင်သစ် အတွက် အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့ပေမယ့် ဒီနွေရာသီမှာတော့ သူ ပါဝင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။
လူစာရင်း ထုတ်ပြန်ပြီးနောက် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ ဒက်စ်ရွှမ့်စ်က အခုလို ပြောကြားခဲ့ပါတယ်။ “ဒါဟာ ကျွန်တော့်ရဲ့ နောက်ဆုံး အခိုက်အတန့်တွေ ဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ်။ ဒါက တကယ့်ကို ထူးခြားတဲ့ ခံစားချက်မျိုးပါ။ ကျွန်တော့်ရဲ့ စိတ်ခံစားမှုတွေကို ဖုံးကွယ်ထားလေ့ ရှိပေမယ့် အခုတော့ ဒီအခြေအနေကို ကောင်းကောင်း ကိုင်တွယ်နိုင်နေပါတယ်။”
“ပြီးခဲ့တဲ့ ၁၄ နှစ် အတွင်းမှာ ကျွန်တော်တို့တွေ အောင်မြင်မှုတွေ အများကြီး ရခဲ့ပါတယ်။ အခုတော့ ကျွန်တော့်ရဲ့ အင်အား အားလုံးကို ဒီကမ္ဘာ့ဖလား အတွက်ပဲ အာရုံစိုက်ထားပါတယ်။ ဒီလူစာရင်းက အကောင်းဆုံး ၂၆ ယောက် ဖြစ်ချင်မှ ဖြစ်မယ်၊ ဒါပေမယ့် ဒါဟာ အသင်းရဲ့ ဟန်ချက်ညီမှုနဲ့ ပေါင်းစပ်မှု အတွက် အကောင်းဆုံး ရွေးချယ်မှုပါ။” လို့ ဒက်စ်ရွှမ့်စ်က ဆိုပါတယ်။

ဒီလူစာရင်းမှာ ပထမဆုံး ကမ္ဘာ့ဖလား အတွေ့အကြုံ ရမယ့် ကစားသမား ၁၃ ဦးအထိ ပါဝင်လာပြီး ရော်ဘင် ရစ်ဆာနဲ့ မက်ဇန့် လာခွာ တို့ကတော့ အံ့အားသင့်ဖွယ် ခေါ်ယူခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ တိုက်စစ်ပိုင်း မှာတော့ ဒဏ်ရာရနေတဲ့ ဟူဂို အစ်ကီတီကေး မပါဝင်နိုင်ပေမယ့် ခေါင်းဆောင် ကီလီယန် အမ်ဘာပေးနဲ့ အတူ အူစမန်နီ ဒမ်ဘီလီ၊ ဒီဆီရီ ဒူယေး၊ မိုက်ကယ် အိုလစ်ဆေး၊ ရေယန် ချာကီနဲ့ မားကပ်စ် သူရမ် တို့လို ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးတွေ အများအပြားလည်း ပါဝင်နေပါတယ်။
ပြင်သစ် လက်ရွေးစင် အသင်းဟာ ကမ္ဘာ့ဖလား အုပ်စု အဖွင့် ပွဲစဉ် အဖြစ် ဇွန်လ ၁၆ ရက်နေ့မှာ ဆီနီဂေါ အသင်းနဲ့ မကစားမီ အိုင်ဗရီကို့စ်၊ မြောက်အိုင်ယာလန် တို့နဲ့ ခြေစမ်းပွဲတွေ ကစားသွားဖို့ ရှိနေပါတယ်။
ပြင်သစ် လက်ရွေးစင် အသင်းရဲ့ ကမ္ဘာ့ဖလား အတွက် လူစာရင်း အပြည့်အစုံ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဂိုး – ဘရိုက်စ် ဆမ်ဘာ (ရန်းစ်) မိုက်ခ် မိုက်ဂ်နွန် (အေစီမီလန်)၊ ရော်ဘင် ရစ်ဆာ (လန်းစ်)
ခံစစ် – မာလို ဂူစတို (ချဲလ်ဆီး)၊ မက်ဇန့် လာခွာ (ခရစ္စတယ်ပဲလေ့စ်)၊ ဂျူးလ်စ် ကွန်ဒေး (ဘာစီလိုနာ)၊ လူးကပ်စ် ဒစ်ဂ်နီး (အက်စတွန်ဗီလာ)၊ အီဘရာဟီမာ ကိုနာတေး (လစ်ဗာပူးလ်)၊ ဝီလီယမ် ဆလီဘာ (အာဆင်နယ်)၊ ဒါယော့တ် အူပါမီကာနို (ဘေယန်မြူးနစ်)၊ လူးကပ်စ် ဟာနန်ဒက်ဇ် (ပီအက်စ်ဂျီ)၊ သီယို ဟာနန်ဒက်ဇ် (အဲလ်ဟီလာ)
ကွင်းလယ် – ရာယန် ချာကီ (မန်စီးတီး)၊ အော်ရီလီယန် ချူအာမန်နီ (ရီးရဲလ်မက်ဒရစ်)၊ အက်ဒရီယန် ရာဘီယော့တ် (အေစီမီလန်)၊ အန်ဂိုလို ကန်တေ (ဖီနာဘာချီ)၊ မက်ဂ်နက်စ် အက်ခလီယူချီ (မိုနာကို) မာနူ ကိုနေး (ရိုးမား)၊ ဝါရန် ဇိုင်း-အမ်မရီ (ပီအက်စ်ဂျီ)
တိုက်စစ် – အူစမန်နီ ဒမ်ဘီလီ (ပီအက်စ်ဂျီ)၊ ဘရက်ဒ်လေ ဘာကိုလာ (ပီအက်စ်ဂျီ)၊ ဂျင်းန် ဖိလစ်ပ် မက်တေးတား (ခရစ္စတယ်ပဲလေ့စ်)၊ မားကပ်စ် သူရမ် (အင်တာမီလန်)၊ ဒီဆီရီ ဒူယေး (ပီအက်စ်ဂျီ)၊ ကီလီယန် အမ်ဘာပေး (ရီးရဲလ်မက်ဒရစ်), မိုက်ကယ် အိုလီဆေး (ဘေယန်မြူးနစ်)
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


