ဂလိုင်ဆင် ဘရီမာ ကတော့ စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ် ကနေ ထွက်ခွာတော့မယ် ဆိုပြီး သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဘရာဇီးလ် ခံစစ်မှူး ကတော့ အသင်းမှာပဲ ဆက်လက် ရှိနေပြီး အောင်မြင်မှုတွေ ပိုမိုဆွတ်ခူးသွားချင်တယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။ ဒီလို ဘရီမာရဲ့ အတည်ပြု ပြောစကားဟာ ခံစစ် ကစားသမား ရှားပါးတဲ့ အခက်အခဲနဲ့ ကြုံနေရတဲ့ ဂျူဗင်တပ်စ် အတွက်တော့ စိတ်အေးစရာ ဖြစ်ခဲ့ရပါတယ်။
၂၀၂၂ ခုနှစ်မှာ တိုရီနို အသင်း ကနေ ဂျူဗင်တပ်စ်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဘရီမာဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ တော့တင်ဟမ်ဟော့စပါး၊ အင်တာမီလန်နဲ့ ဘေယန်မြူးနစ် အပါအဝင် ဥရောပ အသင်းကြီး တချို့ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ အသက် ၂၉ နှစ် အရွယ် ဘရာဇီးလ် နောက်ခံလူဟာ တူရင် မြို့ခံ ပြိုင်ဘက် အသင်းဆီ ပြောင်းရွှေ့လာပြီး ကတည်းက ဂျူဗင်တပ်စ် အတွက် ပြိုင်ပွဲစုံ အရပ်ရပ် ၁၂၂ ပွဲ အထိ ပါဝင်ကစားပေးထားပြီး အသင်းရဲ့ အဓိက ဒေါက်တိုင် တစ်ဦး အဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။
၂၀၂၅-၂၆ ရာသီမှာ ဘရီမာဟာ နည်းပြ လူစီယာနို စပယ်လက်တီရဲ့ အသင်းမှာ ဝေဟင်ဘော ယှဉ်ပြိုင် အနိုင်ရမှု (၇၉ ကြိမ်) နဲ့ ဖျက်ထုတ် ရှင်းလင်းမှု (၁၁၃ ကြိမ်) စာရင်းတွေမှာ ဒုတိယနေရာ အထိ ရပ်တည်နိုင်ခဲ့ပြီး သူ့ထက် သာလွန်ခဲ့သူဆိုလို့ လွိုက် ကယ်လီ တစ်ဦးတည်းသာ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေဟာ ဂျူဗင်တပ်စ် အသင်း အတွက် ဆုဖလား အောင်မြင်မှု မဆောင်ကြဉ်းပေးနိုင်ခဲ့သလို စီးရီးအေ ရာသီအကုန် မှာလည်း အဆင့် ၆ နေရာနဲ့ပဲ ကျေနပ်ခဲ့ရတာကြောင့် လာမယ့် ရာသီမှာ ယူရိုပါလိဂ် ယှဉ်ပြိုင် ကစားရတော့မှာပါ။ ဒါဟာ စီးရီးအေမှာ ၁၁ ရာသီ ဆက်တိုက် အဆင့် ၄ အတွင်း ဝင်ရောက်ခဲ့ဖူးတဲ့ ဂျူဗင်တပ်စ်အတွက် နောက်ဆုံး ၄ ရာသီအတွင်း ချန်ပီယံလိဂ် ဝင်ခွင့် ဒုတိယအကြိမ် လွဲချော်ခဲ့ရခြင်းလည်း ဖြစ်ပါတယ်။

ကွင်းတွင်း ရလဒ်တွေ ဆိုးရွားနေပေမယ့် ဒီနွေရာသီမှာ အသင်း ကနေ ထွက်ခွာဖို့ ခေါင်းထဲတောင် မထည့်ဖူးဘူးလို့ ဘရီမာက အခုလို ပြောကြားခဲ့ပါတယ်။ “ကျွန်တော့်ကို ရောင်းထုတ်ပေးဖို့ ဂျူဗင်တပ်စ် အသင်းကို မတောင်းဆိုခဲ့ပါဘူး။ အထူးသဖြင့် အသင်းရော ကျွန်တော်ပါ ခက်ခဲနေတဲ့ အချိန်မျိုးမှာ ထွက်သွားဖို့ ဆိုတာ ခေါင်းထဲတောင် မထည့်ဖူးပါဘူး၊ ဒါဟာ ထွက်ပြေးတာနဲ့ပဲ တူပါလိမ့်မယ်။ အကယ်၍ တစ်နေ့နေ့မှာ ကျွန်တော် ဂျူဗင်တပ်စ် ကနေ ခွဲခွာရမယ် ဆိုရင်၊ သက်ကြီးပိုင်းရောက်မှ ဖြစ်ရင် ဖြစ်မယ်၊ ခေါင်းကို မော့၊ ရင်ကိုကော့ပြီး ပင်မတံခါးကြီး ကနေ ဂုဏ်ရှိန်ဝါရှိရှိ ထွက်ခွာသွားမှာပါ” လို့ ဘရီမာက ဆိုပါတယ်။
ဘရီမာ တစ်ယောက် ၄ နှစ် အတွင်း ဂျူဗင်တပ်စ် အသင်းမှာ ရရှိခဲ့တဲ့ တစ်ခုတည်းသော ဆုဖလားကြီး ကတော့ ၂၀၂၃-၂၄ ကိုပါအီတလီယာ ဖလား ဗိုလ်လုပွဲမှာ အတ္တလန္တာကို အနိုင်ရရှိခဲ့တဲ့ ဆုဖလားပဲ ဖြစ်ပါတယ်။ သူ့ရဲ့ မကျေနပ်မှုကိုလည်း ပြီးခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ ထုတ်ဖော် ပြောကြားခဲ့ဖူးပြီး ဂျူဗင်တပ်စ်လို အသင်းကြီး တစ်သင်း အနေနဲ့ စီးရီးအေမှာ အဆင့် ၄ နေရာလောက်နဲ့တင် တင်းတိမ်မနေသင့်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဘရာဇီးလ် နောက်ခံလူက အဲဒီပြောကြားချက်ကို အခုလို ပြန်လည် ရှင်းလင်းသွားခဲ့ပါတယ်။
“ကျွန်တော် အဲဒီလို ပြောခဲ့တာဟာ အသင်းကနေ ထွက်ခွာဖို့ အကြောင်းပြချက် ရှာနေတာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ရည်မှန်းချက်ကို ဖော်ထုတ်ခဲ့တာပါ။ ကစားသမား ဘဝကို ကိုပါ အီတလီယာ ဖလား တစ်လုံးတည်းနဲ့ပဲ အဆုံးသတ်သွားဖို့ ကျွန်တော် မလိုလားပါဘူး။ ကျွန်တော် ဒီထက်မက အောင်မြင်ချင်သလို ဂျူဗင်တပ်စ် ကိုလည်း သူနဲ့ ထိုက်တန်တဲ့ အဆင့်အတန်းဆီ ပြန်ရောက်စေချင်ပါတယ်။”
“နည်းပြ စပယ်လက်တီ ပြောသလိုပါပဲ၊ ကျွန်တော်တို့ ရောက်ချင်တဲ့ နေရာနဲ့ နည်းနည်း ဝေးသေးပေမယ့် အရေးပါတဲ့ အခြေခံ အုတ်မြစ်တွေကို တည်ဆောက်နေပါပြီ။ ကိုလို မူအာနီနဲ့ အာလဂျ်ဘေးဂိုဗစ်တို့ ရောက်လာကြပြီလေ။ ပြီးတော့ ကျွန်တော့် သူငယ်ချင်း ဒေါက်ဂလပ်စ် လူးဝစ်ဇ် အပေါ်မှာလည်း အပြည့်အဝ ယုံကြည်မှု ရှိပါတယ်၊ သူက အရည်အသွေး အပြည့် ရှိသူ ဖြစ်ပြီး အကောင်းဆုံး ပြသသွားမှာပါ” လို့ ဘရီမာက ဆိုပါတယ်။
ဂျူဗင်တပ်စ် အသင်းဟာ သြဂုတ်လ ၂၃ ရက်မှာ ဖရိုစီနုန်း အသင်းနဲ့ စီးရီးအေ ရာသီသစ် အဖွင့်ပွဲ မကစားမီ ရာသီကြို ခြေစမ်းပွဲ ၃ ပွဲ ယှဉ်ပြိုင်ကစားဖို့ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


