ဘိုဒို/ဂလင့်မ်ကို ရှုံးနိမ့်ခဲ့မှု အပေါ် ဝေဖန်မှုတွေကို အင်တာမီလန် နည်းပြ ခရစ္စတီယန် ချီဗူးက တုံ့ပြန်လိုက်ပြီး ဒုတိယအကျော့မှာ ရလဒ်ကို ပြောင်းပြန်လှန်နိုင်မယ်လို့ ယုံကြည် နေပါတယ်။ ချန်ပီယံလိဂ် ပလေးအော့ဖ် ပွဲစဉ်မှာ ပထမအကျော့မှာ ဘိုဒို/ဂလင့်မ်ရဲ့ အံ့အားသင့်ဖွယ် အနိုင်ယူခြင်းကို ခံခဲ့ပြီးနောက် အင်တာမီလန် အနေနဲ့ ဒုတိယအကျော့မှာ နှစ်ဂိုးနဲ့ အထက် အနိုင်ရဖို့ လိုအပ်နေပါတယ်။
အကယ်၍ ဘိုဒို/ဂလင့်မ်လို အသင်းမျိုးကို ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါက ရှက်ဖို့ ကောင်းသလားလို့ မေးမြန်းခဲ့တဲ့ အပေါ် အင်တာမီလန် နည်းပြ ချီဗူးက သူတို့ အသင်း အပေါ် လေးစားမှု မရှိခြင်း ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။ အင်တာမီလန်ဟာ ပထမအကျော့မှာ ဘိုဒို/ဂလင့်မ် အသင်းရဲ့ ကစားသမားတွေ ဖြစ်တဲ့ ဆွန်ဒရီ ဖတ်၊ ဂျန်းစ် ပက်တာ ဟော့ဂျ်နဲ့ ကတ်စ်ပါ ဟောက်ဂျ် တို့ရဲ့ သွင်းဂိုးတွေကြောင့် ၃-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအကျော့ မှာတော့ အင်တာမီလန်က ဆန်စီရိုမှာ အိမ်ကွင်း အားသာချက်နဲ့ ပြန်လည် ကစားရမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမအကျော့ အဝေးကွင်းမှာ ၂ ဂိုးနဲ့ အထက် ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဒုတိယအကျော့မှာ ပြန်လည် အနိုင်ယူကာ နောက်တစ်ဆင့် တက်နိုင်ခဲ့တဲ့ နောက်ဆုံး အသင်းဟာ ၂၀၁၈-၁၉ ရာသီက လစ်ဗာပူးလ် (ဘာစီလိုနာကို ၄-၃ ဖြင့် အနိုင်ရခဲ့စဉ်က) ဖြစ်ပါတယ်။ လစ်ဗာပူးလ် နောက်ပိုင်း မှာတော့ အလားတူ အခြေအနေမျိုး ကြုံတွေ့ခဲ့သည့် အသင်းပေါင်း (၁၁) သင်း ရှိပေမယ့်လည်း နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခြင်း မရှိခဲ့ကြပါဘူး။
အင်တာမီလန်ဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ကစားခဲ့တဲ့ ပွဲပေါင်း (၅၂) ပွဲမှာ (၆) ပွဲသာ ၂ ဂိုးနဲ့ အထက် ကွာခြားချက်နဲ့ အနိုင်ရခဲ့ဖူးပါတယ်။ ဒါ့အပြင် အုပ်စုအဆင့်လွန် ပွဲစဉ်တွေမှာလည်း ၃ ဂိုးပြတ်နဲ့ တစ်ကြိမ်မျှ အနိုင်မရဖူးသေးပါဘူး။

မန်စီးတီးနဲ့ အက်တလက်တီကိုမက်ဒရစ် တို့ကိုတောင် အနိုင်ရထားတဲ့ ဘိုဒို/ဂလင့်မ်လို အသင်းကို ရှုံးနိမ့်ခဲ့ပါက အရှက်ရသင့်သလားဟု နော်ဝေ နိုင်ငံသား သတင်းထောက် တစ်ဦးရဲ့ မေးမြန်းမှုကို ချီဗူးက အခုလို ပြတ်ပြတ်သားသား ဖြေကြားခဲ့ပါတယ်။ “ဘောလုံးလောကမှာ ရှက်စရာ ဆိုတာ ဘာမှမရှိပါဘူး။ ဘောလုံးပွဲ တစ်ခုမှာ နှစ်ဖက်စလုံးက ကလပ် အသင်းတွေ၊ ကစားသမားတွေရဲ့ ကြိုးပမ်း အားထုတ်မှုတွေ ရှိပါတယ်။ ကျွန်တော် တို့က ပြိုင်ဘက်ကို အသိအမှတ်ပြု လေးစားသလို ခင်ဗျားတို့ ဘက်ကလည်း ကျွန်တော်တို့ကို လေးစားသင့်ပါတယ်။ လူဦးရေ ၅ သောင်းပဲ ရှိတဲ့ မြို့က အသင်းကို ရှုံးတာ ရှက်စရာလို့ ပြောတာဟာ ကျွန်တော် တို့ကို မလေးစားတာပါပဲ။”
ဆက်လက်ပြီး ချီဗူးက “ဘိုဒို အသင်းဟာ ကျွန်တော်တို့နဲ့ ပွဲမှာတင်မကဘဲ မက်ဒရစ်၊ မန်စီးတီးနဲ့ ဒေါ့မန်တို့ အပေါ် ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကို ကျွန်တော်တို့ လေးစားပါတယ်။ သူတို့ တည်ဆောက်ထားနိုင်တဲ့ ကောင်းမွန်တဲ့ အရာတွေ အတွက်လည်း ချီးကျူးပါတယ်။ ပြီးခဲ့တဲ့ အပတ်က သူတို့က ကျွန်တော်တို့ထက် ပိုကောင်းခဲ့လို့ သူတို့ကို ဂုဏ်ပြုခဲ့ပြီးပါပြီ။ ကျွန်တော် တို့မှာ အရှက်ရစရာ ဘာမှ မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့လို့ပါပဲ။” လို့ ဆိုပါတယ်။
တိုက်စစ်မှူး လော်တာရို မာတီနက်စ် ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်တဲ့ အင်တာမီလန်ဟာ ချီဗူး လက်ထက်မှာ ပထမဆုံး (၄) ပွဲစလုံး အနိုင်ရခဲ့ပေမယ့်လည်း နောက်ပိုင်း (၅) ပွဲ မှာ (၄) ပွဲအထိ ရှုံးနိမ့်ထားပါတယ်။ နည်းပြ ချီဗူးဟာ အင်တာမီလန်ကို ၅ ပွဲနဲ့ အထက် ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေထဲမှာ ရှုံးနိမ့်မှု ရာခိုင်နှုန်း အမြင့်ဆုံး ၄၄ ရာခိုင်နှုန်း ရှိနေပါတယ်။
ဒါပေမယ့်လည်း ၂၀၀၉-၂၀၁၀ ရာသီက အင်တာမီလန်နဲ့ အတူ ချန်ပီယံလိဂ် ဖလားကို ကစားသမား ဘဝနဲ့ ဆွတ်ခူးခဲ့ဖူးတဲ့ ချီဗူးက လက်ရှိမှာ သူ့ရဲ့ အသင်း အပေါ် ယုံကြည်မှု အပြည့် ရှိနေတာ တွေ့ရပါတယ်။ “ပြိုင်ဘက်ရဲ့ အင်အားကို ကျွန်တော်တို့ သိပါတယ်။ သူတို့ရဲ့ ရလဒ်တွေဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ဒေါ့မန်မှာ သရေကစားတယ်၊ မန်စီးတီးကို နိုင်တယ်၊ မက်ဒရစ်မှာ သွားနိုင်ခဲ့တယ်။ ဒါတွေကြောင့် သူတို့က ကျွန်တော် တို့ကို ဒုက္ခပေးနိုင်မယ် ဆိုတာ သိထားပြီးသားပါ။ အဓိက ကတော့ စိတ်ဓာတ်မကျဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ အကောင်းဆုံး ပုံစံအတိုင်း ပြန်ကစားနိုင်ဖို့ပါပဲ။” လို့ ဆိုပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


