ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်း ကတော့ ယူနိုက်တက် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်းကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဝက်စ်ဟမ်းဟာ လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဘရိုက်တန် ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ အီဗန် ဖာဂူဆန်ကို အပြီးသတ် ခေါ်ယူနိုင်ဖို့ အရင်ဆုံး ကြိုးစားမှာ ဖြစ်ပြီး အကယ်၍ အဆင်မပြေမှသာ ယူနိုက်တက် တိုက်စစ်မှူးကို ကမ်းလှမ်းမှု ပြုလုပ်ဖို့ စဉ်းစားထားတာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား အများအပြား ခေါ်ယူ အားဖြည့်ခဲ့ပြီး ဖူးလ်ခရက်ချ်၊ ဆမ်းမားဗီးလ်နဲ့ ဂီဟာမီ တို့လို တိုက်စစ်မှူးတွေ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီ ကစားသမား ၃ ဦး စလုံးက အသင်းမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိတာကြောင့် လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အီဗန် ဖာဂူဆန်ကို အငှားနဲ့ ပြန်လည် ခေါ်ယူခဲ့ရပါတယ်။ ဒါ့အပြင် အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူး မစ်ချယ် အန်တိုနီယို ကလည်း ယာဉ်မတော်တဆမှုကြောင့် ခြေထောက်ကျိုးသွားတာကြောင့် ကာလရှည်ကြာ အနားယူနေရပါတယ်။
ဒါကြောင့် ဝက်စ်ဟမ်းရဲ့ တိုက်စစ်က ဒဏ်ရာရကစားသမားတွေ များပြားနေခြင်းနဲ့ အတူ တော်တော်လေးလည်း အားနည်းနေခဲ့တာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းဟာ ဒီရာသီမှာ တိုက်စစ်က သွင်းဂိုး ၂၉ ဂိုးသာ ရရှိထားပြီး ပေးဂိုး ကတော့ ၄၆ ဂိုး အထိ ရှိနေတာပါ။ အဲဒီလို အခြေအနေတွေကြောင့် ဝက်စ်ဟမ်းက ဆောင်းရာသီ ဈေးကွက်မှာ ဘရိုက်တန်က အိုင်ယာလန် တိုက်စစ်မှူးလေး အီဗန် ဖာဂူဆန်ကို ရာသီကုန် အထိ အငှားနဲ့ ခေါ်ယူခဲ့သလို အငှား သက်တမ်း ပြည့်တဲ့ အချိန် မှာလည်း အပြီးသတ် ခေါ်ယူဖို့ပါ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဖာဂူဆန်ကို အပြီးသတ် ခေါ်ယူဖို့က မသေချာသေးပဲ အကယ်၍ အဆင်မပြေခဲ့ဘူး ဆိုရင်တော့ ယူနိုက်တက် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်းကို ပစ်မှတ်ထားလာဖို့ ရှိနေကြောင်း သတင်းတွေက ဖော်ပြနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၂ နှစ် အရွယ်သာ ရှိနေသေးတဲ့ ဒိန်းမတ် လက်ရွေးစင် တိုက်စစ်မှူး ဟွိုက်ဂျ်လန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ကမှ အတ္တလန္တာ ကနေ ပရီးမီးယားလိဂ် ကလပ်ကို ရောက်ရှိလာခဲ့သူပါ။ သူက ယူနိုက်တက်ကို ရောက်ရောက်ချင်းမှာ အဓိက ကစားသမား တစ်ဦး အဖြစ် ပွဲထွက်ခွင့် ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟွိုက်ဂျ်လန်းက နောက်ပိုင်း ပွဲစဉ်တွေမှာ တောက်လျောက် ခြေစွမ်း ကျဆင်းနေခဲ့ပြီး လတ်တလော မှာတော့ ပြိုင်ပွဲစုံ ၁၃ ပွဲ ဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးနေသူ ဖြစ်ပါတယ်။
ဟွိုက်ဂျ်လန်းဟာ လက်ရှိ ရာသီမှာ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ပွဲ ၃၀ ကစားထားပြီးချိန်မှာ ၇ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ ဒါကြောင့် လက်ရှိ ဟွိုက်ဂျ်လန်းရဲ့ ခြေစွမ်းကို နည်းပြ ရူဘင် အမော်ရင်နဲ့ ပရိသတ်တွေက အကြီးအကျယ် စိတ်ပျက်နေကြပါတယ်။ ဒါကြောင့် အသင်း ဘက်ကလည်း လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူသွားဖို့ စီစဉ်နေပြီး ဟွိုက်ဂျ်လန်း ကိုလည်း ပြန်လည် ရောင်းထုတ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင် ယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ ဟွိုက်ဂျ်လန်းကို ပရီးမီးယားလိဂ် ပြိုင်ဘက် ဝက်စ်ဟမ်းက ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် ဘက် ကတော့ ဟွိုက်ဂျ်လန်း အတွက် ပေါင်သန်း ၄၀ + အပိုဆုကြေးတွေနဲ့ ကမ်းလှမ်းမှသာ လက်ခံ စဉ်းစားပေးသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.