အန်တိုနီယို ဆီမီညို ကတော့ မန်ချက်စတာစီးတီးကို ရောက်ရှိချိန်ကတည်းက ခပ်မြန်မြန် အသားကျခဲ့ပြီး အခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံလုပွဲမှာ အသင်း အတွက် အရေးပါတဲ့ ကဏ္ဍ ကနေ ပါဝင်လာဖွယ် ရှိနေသူပါ။
အသက် ၂၆ နှစ် အရွယ် ဂါနာသားက မန်စီးတီး အတွက် ပွဲထွက် မကစားပေးရသေးခင် ကတည်းက နည်းပြ ပပ် ဂွာဒီယိုလာရဲ့ ချီးကျူး ဂုဏ်ပြုခြင်းကို ရရှိခဲ့သူ ဖြစ်ပါတယ်။ ဘုန်းမောက် ကနေ အီတီဟတ်ကို ပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဂွါဒီယိုလာက ဆီမီညိုကို ကျေးဇူးတင်စကား ပြောခဲ့တာပါ။ အခုလည်း ဆီမီညို အပေါ်မှာ ဂွါဒီယိုလာ တစ်ယောက် ပိုပြီး ကျေးဇူးတင်စရာ အကြောင်းအရာတွေ ရှိလာခဲ့ပြီလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
အသင်းသစ် အတွက် ၄ ပွဲ ကစားပေးပြီးချိန်မှာ ဆီမီညိုက ဂိုးပါဝင်ပတ်သက်မှု ၄ ကြိမ် အထိ ပြုလုပ်ပေးထားပါတယ်။ သူဟာ မန်စီးတီး လူစာရင်းထဲကို တိုက်ရိုက် ဝင်ရောက်လာသလို ဂွာဒီယိုလာရဲ့ အသင်း အတွက်လည်း အရင်နဲ့ မတူတဲ့ ကစားဟန် အသစ် တစ်ခုကို ပေးစွမ်းခဲ့ပါတယ်။ တနည်းအားဖြင့်တော့ ဆီမီညို ပါဝင်လာတာကြောင့် မန်စီးတီးရဲ့ တိုက်စစ်က ပိုပြီး ကြောက်စရာကောင်းခဲ့တယ်လို့လည်း ပြောလို့ ရပါတယ်။
ဆီမီညိုဟာ ဘယ်/ညာ ခြေနှစ်ဖက်လုံးကို မယုံနိုင်စရာကောင်းလောက်အောင် အသုံးပြုနိုင်စွမ်း ရှိသလို၊ တိုက်စစ် မှာလည်း အရှိန်အဟုန်နဲ့ ကစားနိုင်သူ ဖြစ်ကြောင်း ဂွါဒီယိုလာက ပထမဆုံး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ဖူးပါတယ်။ ဆီမီညို အနေနဲ့ ပြီးခဲ့တဲ့ စနေနေ့က ဝုဗ်နဲ့ ပွဲမှာ မန်စီးတီး ကစားသမား ဘဝ အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ လက်ခုပ် ဩဘာပေးခြင်းလည်း ခံခဲ့ရပါတယ်။ ဂါနာသားက ဘယ်တောင်ပံက ရေယန် ချာကီ အလယ်က အိုမာ မာမွတ်ရှ် တို့နဲ့ ညာတောင်ပံမှာ အထူး ခြေစွမ်းပြခဲ့ပြီး ဝုဗ်တို့ မန်စီးတီးရဲ့ တိုက်စစ်ကို ဘယ်လိုနည်းနဲ့မှ ဟန့်တားနိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒီပွဲမှာ ဆီမီညိုက ဂိုးကန်သွင်းခွင့် အများဆုံး ရရှိခဲ့ပြီး တောင်ပံ ကနေ အတွင်းသို့ ချိုးဝင်ကာ ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဝုဗ် ခံစစ်ကြောင်းကို ဒုက္ခပေးဖို့ အတွက် တိုက်စစ်ဇုန် အတွင်းကို အခွင့်အရေးရတိုင်း ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ပါတယ်။
အစောပိုင်းမှာ တချို့က ဆီမီညိုကို အရန် အဖြစ်သာ အသုံးပြုလိမ့်မယ်လို့ ထင်ကြေးပေးခဲ့ကြတာပါ။ အကြောင်း ကတော့ မန်စီးတီးမှာ ထိပ်တန်း တိုက်စစ် ကစားသမား များစွာ ရှိနေတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆီမီညို ကတော့ အာလုံးရဲ့ ခန့်မှန်းချက်တွေကို ဆန့်ကျင်ပြီး အခုဆိုရင်တော့ မန်စီးတီးရဲ့ အဓိက ကစားသမား တစ်ယောက် ဖြစ်နေပါပြီ။
ဂွါဒီယိုလာဟာ အရင်က တောင်ပံကစားသမားတွေနဲ့ ပတ်သက်ရင် ပြဿနာ ရှိခဲ့တဲ့ နည်းပြပါ။ ဥပမာအားဖြင့် ဂျက် ဂရီးလစ်ရှ် ပရီးမီးယားလိဂ် စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာစဉ်က ထူးချွန်တဲ့ တစ်ဦးချင်း စွမ်းဆောင်ရှင် ဖြစ်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ နွေရာသီက အဲဗာတန်ကို အငှားနဲ့ မထွက်ခွာခင် သူဟာ စနစ်တစ်ခု အတွင်းမှာသာ ကစားရသည့် ကစားသမား အဖြစ် ပြောင်းလဲခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း ဆီမီညို ကိုတော့ ဂွာဒီယိုလာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ခြင်းက တောင်ပံ ကစားသမားတွေ အပေါ် သူ့ရဲ့ အမြင် ပြောင်းလဲလာမှုကို ပြသနေသလိုပါပဲ။ ပြီးခဲ့သည့် ရာသီက မန်စီးတီး အနေနဲ့ တိုက်စစ်မှာ ဖန်တီးနိုင်စွမ်းတွေ ရှိတဲ့ ကစားသမားတွေ ထပ်မံ ဖြည့်တင်းဖို့ လိုအပ်နေကြောင်း သိသာခဲ့ပြီးနောက် ရေယန် ချာကီနဲ့ တီဂျန်နီ ရိုင်ဒါးစ် တို့ကို ခေါ်ယူခဲ့ပါတယ်။
တကယ်တော့ မန်စီးတီးက လက်ရှိမှာ ပြန်လည် တည်ဆောက်ရေး ကာလ အလယ်ကို ရောက်ရှိနေတယ်လို့ ပြောရပါမယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလ ၃ ခု အတွင်း ပေါင် သန်း ၅၀၀ ကျော် အသုံးပြုထားပေမယ့်လည်း စီးတီးက ဒီရာသီမှာ ရလဒ်တွေ မတည်ငြိမ်မှုကြောင့် ပြန်လည် တည်ဆောက်ရေးကို ဆက်လက် လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။ လူအများစုက ဂွာဒီယိုလာရဲ့ အသင်းက အခုနှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုတွေနဲ့ လွဲချော်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
မည်သို့ပင်ဆိုစေကာမူ အီတီဟတ်မှာ အရည်အချင်း ရှိတဲ့ ကစားသမားသစ်တွေ ပိုများလာတာ ကတော့ အသေအချာပါပဲ။ ချာကီက ဘောလုံးကိုင် ကစားရာမှာ အထူးပိုင်နိုင်သလို၊ ဖီးလ် ဖိုဒန် ကလည်း သူရဲ့ ခြေစွမ်းဟောင်းတွေ ပြန်လည် ရရှိလာနေပါတယ်။ ရိုင်ဒါးစ် ကလည်း ဒီဘရွန်းနား ချန်ထားခဲ့တဲ့ ကွက်လပ်ကို အတိုင်းအတာ တစ်ခု အထိတော့ ဖြည့်ဆည်းထားနိုင်ပြီလို့ သတ်မှတ်လို့ ရပါတယ်။
ဒီအထဲ ကမှ ဆီမီညိုက စိတ်လှုပ်ရှားစရာ အကောင်းဆုံးနဲ့ စောင့်ကြည့်ချင်စရာ အကောင်းဆုံး ဖြစ်နေပါတယ်။ အမှန်တကယ်တော့ ဆီမီညိုရဲ့ ကစားဟန်က ရိုးရှင်းပြီး ဘောလုံးနဲ့ အတူ ဆိုရင် ချက်ချင်း လက်ငင်း ထိရောက်မှု ရှိသူ ဖြစ်ပါတယ်။ သူရဲ့ အရှိန်အဟုန်က မယုံနိုင်လောက်အောင် မြန်ဆန်ပြီး ပရီးမီးယားလိဂ် နောက်ခံလူ အများစု အတွက် ခက်ခဲတဲ့ တောင်ပံ ကစားသမား အဖြစ် ရှိနေပါတယ်။
ဂျရယ်မီ ဒိုကုနဲ့ ဆီမီညိုတို့ တောင်ပံ တစ်ဖက် တစ်ချပ်စီမှ ရှိနေတာကြောင့် မန်စီးတီးဟာ ကွင်းလယ်မှာ နေရာလွတ်တွေ ပိုမို ရရှိလာခဲ့ပါတယ်။ ယခင်က တစ်ဦးချင်း ကျော်ဖြတ်နိုင်စွမ်း ရှိသူ တစ်ဦးတည်း ကိုသာ ထိန်းချုပ်ရသည့် နောက်ခံလူတွေ အတွက် ယခုအခါ နှစ်ဦးအထိ ရင်ဆိုင်လာရခြင်းက အိပ်မက်ဆိုး တစ်ခု ဖြစ်ပါတယ်။
ဆီမီညိုက ဘုန်းမောက်မှာ ကစားစဉ်ကတည်းက ပိုမို မြင့်မားတဲ့ အဆင့် တစ်ခုကို တက်လှမ်းဖို့ အသင့် ဖြစ်နေခဲ့တာပါ။ အခုတော့ သူ့ရဲ့ စိတ်ကူးနဲ့ လက်တွေ့ တစ်ထပ်တည်းကျခဲ့ပြီလို့ ဆိုရမှာ ဖြစ်သလို မန်စီးတီး အတွက်လည်း ပေါင် ၆၅ သန်းတန် စာချုပ် ဖျက်သိမ်းကြေး ပေးပြီး ခေါ်ယူခဲ့တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်လာခဲ့ပါပြီ။
အကျဉ်းချုပ်အားဖြင့် ဆိုရရင်တော့ ဆီမီညိုဟာ ပပ် ဂွာဒီယိုလာ အတွက် အသင့်တော်ဆုံး တောင်ပံ ကစားသမား ဖြစ်ပြီး မန်စီးတီးရဲ့ အသွင်ကူးပြောင်းရေးကို ပိုမို မြင့်မားတဲ့ အဆင့်ဆီ ပို့ဆောင်ပေးနိုင်မယ့်သူ ဖြစ်ကြောင်း ပြောကြားရင်း…။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


