ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက် ကတော့ ပိတ်သိမ်းဖို့ ရက်ပိုင်းသာ လိုတော့တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ပရီးမီးယားလိဂ်ရဲ့ အသုံးစရိတ် ကတော့ ပေါင် ၂၄၇.၈ သန်း အထိ ရှိနေပြီးတော့ ပြိုင်ပွဲ သမိုင်းတလျှောက် စတုတ္ထမြောက် အများဆုံး အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရပါတယ်။
အခုနှစ် ဇန်နဝါရီလ အပြောင်းအရွှေ့ အတွက် ငွေကြေးသုံးစွဲမှုမှာ ပရီးမီးယားလိဂ်က ထိပ်ဆုံး ကနေ ဦးဆောင်နေသလို ဒုတိယနေရာ မှာတော့ ပြင်သစ် လီဂူးဝမ်းက ပေါင် ၁၀၆ သန်းနဲ့ ရပ်တည်နေခဲ့ပါတယ်။ စီးရီးအေ ကတော့ ပေါင် ၆၂.၃ သန်းနဲ့ တတိယနေရာ၊ ဘွန်ဒက်စ်လီဂါက ပေါင် ၄၉.၇ သန်းနဲ့ စတုတ္ထနေရာ၊ လာလီဂါက ပေါင် ၂.၂ သန်းနဲ့ ပဉ္စမနေရာမှာ အသီးသီး ရပ်တည်လျက် ရှိနေပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ငွေကြေး သုံးစွဲမှု မှာတော့ မန်ချက်စတာစီးတီး စုစုပေါင်း ပေါင် ၁၂၅ သန်း အထိ သုံးစွဲထားကာ တခြားသော ပြိုင်ဘက် ၁၉ သင်းရဲ့ စုစုပေါင်း အသုံးစားရိတ်ထက် ပိုများနေခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ ဇန်နဝါရီ ကာလ ငွေကြေး သုံးစွဲမှု အများဆုံး အဖြစ် စံချိန်တင်ထားခဲ့တာ ကတော့ ၂၀၂၃ ခုနှစ်က ဖြစ်ပြီး ပေါင် ၈၁၅ သန်း သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ ဒုတိယမြောက် အများဆုံး ကတော့ ၂၀၁၈ ခုနှစ်က ဖြစ်ပြီး ပေါင်သန်း ၄၃၀ ရှိခဲ့ပါတယ်။ တတိယ အများဆုံး ကတော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ သုံးစွဲခဲ့တာ ဖြစ်ပြီး ပေါင် ၂၉၅ သန်း ဖြစ်ပါတယ်။ အခုနှစ်မှာ စျေးကွက် ပိတ်သိမ်းဖို့က ရက်ပိုင်းလောက် လိုနေသေးချိန်မှာ ပေါင် ၂၄၇.၈ သန်း သုံးစွဲထားပြီး ဖြစ်တာကြောင့် စတုတ္ထ အများဆုံး အဖြစ် မှတ်တမ်းဝင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကျွမ်းကျင်သူတွေ ကတော့ လာမယ့် ရက်ပိုင်း အတွင်း သုံးစွဲမှု ပမာဏ ထပ်မံ မြင့်တက်ဖွယ် ရှိနေကြောင်းလည်း ခန့်မှန်းသုံးသပ်မှုတွေ ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း သုံးစွဲမှု အများဆုံး အဖြစ် စံချိန် တင်ထားတဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီက ပေါင် ၈၁၅ သန်း စံချိန် ကိုတော့ လိုက်မီနိုင်ဖွယ်တော့ မရှိပါဘူး။
BBC ကတော့ ပရီးမီးယားလိဂ်မှာ မန်စီးတီး အပြင် တခြားသော ထိပ်သီး ကလပ်တွေ အနေနဲ့လည်း ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်ဖို့ စီစဉ်နေတဲ့ အတွက် ပရီးမီးယားလိဂ်ရဲ့ ငွေကြေး သုံးစွဲမှုတွေ ထပ်မံ တိုးမြှင့်လာဖွယ် ရှိနေကြောင်း ခန့်မှန်းသုံးသပ်ထားပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက် ကတော့ လာမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ပိတ်သိမ်းမှာ မဟုတ်ပဲ ဖေဖော်ဝါရီလ ၃ ရက်နေ့မှသာ ပိတ်သိမ်းသွားမှာလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ ကစားသမားသစ် ခေါ်ယူမှုတွေထဲမှာ ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းနဲ့ အထက် ရှိမှု ကတော့ ၉ ခုသာ ရှိခဲ့ပြီးတော့ အဲဒီအထဲမှာ မန်စီးတီးက ၃ ကြိမ် အထိ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ မန်စီးတီးက ကစားသမားသစ် ၅ ဦး တရားဝင် ခေါ်ယူထားနိုင်ခဲ့ပြီးတော့ ကူဆာနော့ဗ် အတွက် ယူရို သန်း ၄၀၊ ဗစ်တာ ရိစ် အတွက် ယူရို ၃၅ သန်း၊ အိုမာ မာမွတ်ရှ် အတွက် ယူရို ၇၅ သန်း၊ ခရစ္စတီယန် မက်ဖာလိန်း ကိုတော့ အလွတ်၊ ဂျမား ဘာ့ အတွက် ယူရို ၆ သန်း သုံးစွဲထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးက ကစားသမား တချို့ကို ထပ်မံ ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေခဲ့သေးပြီး ထပ်မံ ခေါ်ယူ ဖြစ်ခဲ့ရင်တော့ အခုထက်လည်း အသုံးစားရိတ် ပိုများဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.