အာဆင်နယ် ဂန္တဝင် ကွင်းလယ် တိုက်စစ် ကစားသမားဟောင်း ရောဘတ် ပီးရက်စ်က အာဆင်နယ် အနေနဲ့ ရာသီကုန်မှာ ဖလား ကိုင်မြှောက်ချင်ရင် ဒီကလန် ရိုက်စ်လို ကစားသမားမျိုး လိုအပ်တယ်လို့ ဆိုလိုက်ပါတယ်။ လက်ရှိမှာ အာဆင်နယ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၆ မှတ်ဖြတ် ဦးဆောင်နေပြီး ချန်ပီယံ ဖြစ်ဖို့လည်း အလားအလာကောင်းနေပါတယ်။
ဒါ့အပြင် အာဆင်နယ်က ချန်ပီယံလိဂ်မှာ အဆင့် ၁၊ ခရာဘောင်ဖလားမှာ ဆီမီးဖိုင်နယ်နဲ့ အက်ဖ်အေဖလားမှာ စတုတ္ထအဆင့်တွေကို ရောက်ရှိကာ ဖလား ၄ လုံး လမ်းကြောင်းပေါ်မှာ အခိုင်အမာ ရပ်တည်ထားနိုင်ဆဲ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီ နောက်ပိုင်း ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့ပြီးတော့ အာတေးတား လက်ထက် မှာတော့ နောက်ဆုံး ၅ ရာသီဆက် ဖလား လက်မဲ့ ဖြစ်ထားခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်က ပြီးခဲ့တဲ့ ၃ ရာသီ ဆက်တိုက် ပရီးမီးယားလိဂ် ဖလားနဲ့ အနီးစပ်ဆုံး နေရာ အထိ ရောက်ခဲ့ပေမယ့် ဒုတိယနဲ့သာ ကျေနပ်နေရလို့ ဂန်းနား ပရိသတ်တွေ အနေနဲ့ မချိတင်ကဲ ဖြစ်နေရပါတယ်။
ဒီအချိန်မှာ ရောဘတ် ပီးရက်စ်က သူ့အသင်းဟောင်းရဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဆုဖလား ရရှိဖို့ ကြိုးပမ်းမှုနဲ့ ခြေစွမ်းပိုင်း တည်ငြိမ်မှုတွေ အတွက် အခရာကျခဲ့တဲ့ ကစားသမားက ဒီကလန် ရိုက်စ် ဖြစ်သလို ရာသီကုန်ချိန်မှာ အာဆင်နယ်တို့ ဖလား လိုချင်ရင် အင်္ဂလန်သား ရှိနေဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ပီရက်စ်က “ခင်ဗျား ရာသီကုန်မှာ ဖလားကိုင်မြှောက်ချင်တယ် ဆိုရင် ဒီကလန် ရိုက်စ်လိုမျိုး ကစားသမားကို လိုအပ်ပါတယ်။ ခင်ဗျား ပက်ထရစ် ဗီအဲရာ၊ သီယာရီ အွန်နရီ၊ တိုနီ အဒမ်စ် တို့လို ကစားသမားတွေ လိုအပ်ပြီး ဒီကလန် ရိုက်စ်က သူတိုနဲ့ တူညီတဲ့ စက်ဝိုင်းထဲမှာ ရှိနေပါတယ်။ ကျွန်တော် ကတော့ အာဆင်နယ်ရဲ့ ဆုဖလား စိန်ခေါ်မှု အတွက် အမြဲတမ်း အကောင်းမြင်စိတ် ရှိပါတယ်။ အာဆင်နယ်ကို ပြန်လာရတဲ့ အချိန်တိုင်းမှာ ကောင်းမွန်တဲ့ စိတ်ခံစားချက်နဲ့ ကောင်းမွန်တဲ့ ခွန်အားတွေ အမြဲတမ်း ရပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

ရောဘတ် ပီးရက်စ်ဟာ အာဆင်နယ်တို့ ပရီးမီးယားလိဂ် ဖလား နောက်ဆုံး ရရှိခဲ့တဲ့ အချိန်မှာ ပါဝင် ကစားပေးခဲ့သူပါ။ လက်ရှိမှာ အသက် ၅၂ နှစ် ရှိပြီ ဖြစ်တဲ့ ပြင်သစ်သားကြီးက အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၁၈၉ ပွဲ ကစားပြီး ၆၂ ဂိုး သွင်းယူပေးခဲ့ကာ ပရီးမီးယားလိဂ် ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်နဲ့ ချန်ပီယံလိဂ် ဒုတိယ တစ်ကြိမ် ရရှိခဲ့ဖူးပါတယ်။
ရိုက်စ်ဟာ လက်ရှိ အာဆင်နယ်မှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသထားနိုင်တာကြောင့် အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (ဘယ်လွန်ဒေါ) ရနိုင်သူ အဖြစ် ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။ အကယ်၍ ရိုက်စ်သာ သူ့ရဲ့ ပုံစံကောင်း တစ်ခုကို ဆက်ထိန်းထားနိုင်ပြီး အာဆင်နယ်နဲ့ အတူ ဆုဖလားတွေ ရရင် ဒါမှမဟုတ် အင်္ဂလန်နဲ့ အတူ ကမ္ဘာ့ဖလားမှာ အောင်မြင်မှု ရခဲ့ရင်တော့ ကျိန်းသေပေါက် ဘယ်လွန်ဒေါ ရရှိနိုင်ကြောင်း သုံးသပ်သူတွေလည်း ရှိနေပါတယ်။
ဒီအပေါ်မှာတော့ ရိုက်စ်က “ကျွန်တော်က ကင်းစတန်းက ဒက်ခ် ပါ၊ မဟုတ်ဘူးလား။ ကြည့်ပါဦး။ ဒါတွေက သူတို့ အတွက် ဆွေးနွေးဖို့ သင့်တော်တဲ့ အကြောင်းအရာတွေပါ။ အာဆင်နယ် ပရိသတ်တွေက ကျွန်တော် သူတို့ အတွက် လုပ်ဆောင်ပေးနေတာကို တကယ်ပဲ နှစ်သက်ကြပြီး အဲဒီ့မတိုင်ခင်က ဝက်စ်ဟမ်း ပရိသတ်တွေက ကျွန်တော့်ကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့ နှိုင်းယှဉ်ခံရတဲ့အခါ ကောင်းပါတယ်။ အဲဒါတွေကို ဆက်ရှိနေစေချင်တယ်။ ဘာလို့လဲ ဆိုတာ အဲဒါက ခင်ဗျား ကောင်းကောင်း ကစားနေပြီး အမြင့်ဆုံး အဆင့်မှာ ကစားချင်တယ် ဆိုတာကို ဖော်ပြနေသလို ဖြစ်လို့ပါ။” ဆိုပြီး နှိမ့်ချစွာပဲ ပြောဆိုသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


