အဲဗာတန် အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ဇယား အောက်ခြေကို ကြည့်နေရမယ့် အစား ထိပ်တန်း နေရာတွေကို စတင်မျှော်လင့်နိုင်ပြီလို့ နည်းပြ ဒေးဗစ် မွိုက်စ်က ယုံကြည်နေပါတယ်။ တော်ဖီတွေဟာ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ဆက်ရှိနေနိုင်ဖို့ နှစ်အတော်ကြာ ရုန်းကန်ခဲ့ရပြီးနောက် အသင်းဟာ တန်းဆင်းဇုန် တိုက်ပွဲဝင်နေရဖို့ အတွက် “ အလွန်ကြီးမားတဲ့ ကလပ် အသင်းမျိုး” ဖြစ်တယ်လို့ ဒေးဗစ် မွိုင်စ်က ကြုံးဝါးခဲ့တာ ဖြစ်ပါတယ်။
အဲဗာတန်ဟာ ၂၀၂၂-၂၀၂၃ ဘောလုံး ရာသီက ပရီးမီးယားလိဂ် ကနေ တန်းမဆင်း ရဖို့ အရေး အသည်းအသန် ရုန်းကန်ခဲ့ရတာပါ။ အဲ့ဒီမတိုင်ခင် ရာသီကလည်း နည်းပြ ဖရန့်လမ်းပတ် လက်အောက်မှာ ရာသီကုန်ဖို့ တစ်ပွဲ အလိုမှ တန်းမဆင်းရဖို့ သေချာခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၃-၂၄ ရာသီ မှာလည်း ရမှတ် လျှော့ခံရမှုတွေကြောင့် ဖိအားများတဲ့ ရာသီတစ်ခု ဖြစ်ခဲ့ပေမယ့် နည်းပြ ရှောင်ဒိုက်ချ်က အသင်းကို တန်းမဆင်းရဖို့ ကယ်တင်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာ ဒုတိယအကြိမ်အဖြစ် အသင်းကို ပြန်လည် တာဝန်ယူခဲ့တဲ့ ဒေးဗစ် မွိုက်စ်က ပြီးခဲ့တဲ့ရာသီမှာ အဲဗာတန်ကို အဆင့် (၁၃) နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
အခုရာသီဟာ ဟေးလ် ဒစ်ကင်ဆန် ကွင်းသစ်ကြီးမှာ အဲဗာတန်တို့ ပထမဆုံးအကြိမ် ကစားရတဲ့ ရာသီဖြစ်ပြီး၊ မွိုက်စ် ကတော့ ဥရောပဝင်ခွင့်ဟာ အသင်းရဲ့ အလားအလာ ရှိတဲ့ ပစ်မှတ် ဖြစ်တယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ်က ရာသီကုန်ဖို့ ၁၃ ပွဲ အလိုမှာပဲ သူ့ရဲ့ အသင်းက အဆင့် (၈) နေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် အဆင့် (၆) နေရာက မာဆေးလ်ဆိုက်ဒ် ပြိုင်ဘက် လစ်ဗာပူးလ်နဲ့ ၂ မှတ်သာ ကွာဟပါတယ်။
ဒါကြောင့် ဘုန်းမောက်နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲမတိုင်ခင် ဒေးဗစ် မွိုက်စ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ဒီကလပ်အသင်းဟာ အောက်ခြေ အဆင့်မှာ ဘယ်တုန်းကမှ မရှိသင့်ခဲ့ပါဘူး။ အဲဗာတန်ဟာ အရမ်းပဲ ကြီးမားပြီး အင်အား တောင့်တင်းတဲ့ ကလပ် တစ်ခုပါ။ ကျွန်တော် တို့ဟာ ဇယားရဲ့ ထိပ်တန်း အဆင့်တွေ အကြောင်းပဲ အမြဲ ပြောနေသင့်တာပါ။ အခုဆိုရင် ကျွန်တော် တို့ဟာ အသင်းကို ဆက်လက် တိုးတက်အောင် လုပ်ဆောင်ပြီး အောက်ခြေ အဆင့်က အသင်းဆိုတဲ့ ခံစားချက် ကနေ ရုန်းထွက်ရမယ်လို့ ကျွန်တော် တွေးနေပါတယ်။”

“တန်းဆင်းဇုန် အကြောင်းထက် ဥရောပဝင်ခွင့် နေရာတွေ အကြောင်းပဲ ပိုပြောချင်ပါတယ်။ လတ်တလော အသင်းရဲ့ သမိုင်းကြောင်း မှာတော့ တန်းဆင်းဇုန် အကြောင်းတွေ ကပဲ ကြီးစိုးနေခဲ့တာပါ။ လောလောဆယ် မှာတော့ ကျွန်တော်တို့ သွားရမယ့်လမ်း ခရီးအဝေးကြီး ကျန်ပါသေးတယ်။ ဒါပေမယ့် ခင်ဗျားတို့ အနေနဲ့ အထက်က အသင်းတွေနဲ့အတူ အမီလိုက်နိုင်မယ် ဆိုရင် ဘာမဆို ဖြစ်သွားနိုင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဒေးဗစ် မွိုက်စ် ပထမအကြိမ် ကိုင်တွယ်ခဲ့စဉ်က (၂၀၀၂ ကနေ ၂၀၁၃ အထိ) အဲဗာတန်ဟာ ဥရောပ ပြိုင်ပွဲတွေမှာ ပုံမှန် ပါဝင်ခွင့် ရခဲ့ပေမယ့် သူ မန်ချက်စတာယူနိုက်တက်ကို ထွက်ခွာသွားပြီး နောက်ပိုင်း မှာတော့ အဲဗာတန်ဟာ ဥရောပပြိုင်ပွဲကို နှစ်ကြိမ်သာ ကစားခွင့်ရခဲ့ပါတယ်။ အဲဗာတန်ဟာ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာ ယူရိုပါလိဂ် ၁၆ သင်း အဆင့် အထိ ရောက်ရှိခဲ့ပေမဲ့ ၂၀၁၇-၂၀၁၈ ရာသီ မှာတော့ အုပ်စု အဆင့် ကနေပဲ ထွက်ခွာခဲ့ရပါတယ်။
လက်ရှိ မှာတော့ ဂျက် ဂရီးလစ်ရှ်က ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရဖို့ ရှိသွားတာကြောင့် အဲဗာတန်ရဲ့ ဥရောပ ဝင်ခွင့် မျှော်လင့်ချက် အတွက် အရေးပါလာသူ ကတော့ ကီယာနန် ဒူးစ် ဘာရီ-ဟောလ်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက ချဲလ်ဆီး ကနေ ပြောင်းရွှေ့လာတဲ့ ကွင်းလယ်လူ ဒူးစ်ဘူရီ-ဟောလ်ဟာ စနေနေ့က ဖူလ်ဟမ်နဲ့ ပွဲမှာ ချေပဂိုး သွင်းယူပေးခဲ့သလို၊ ထောင့်ကန်ဘော ကနေ တစ်ဆင့် သူကန်တင်လိုက်တာ ကလည်း ဂိုးသမား ဘန် လန်နို ကိုယ့််ဂိုးကိုယ် သွင်းယူမိစေခဲ့တာကြောင့် အသင်းရဲ့ နိုင်ပွဲ အတွက် အဓိကကျသူ ဖြစ်ခဲ့ပါတယ်။
ဒါအပြင် သူက ဒီရာသီ အဲဗာတန် အတွက် ဂိုးပါဝင်ပတ်သက်မှုမှာ ဂရီးလစ်ရှ် (၈ ကြိမ်) ပြီးရင် ၇ ကြိမ်နဲ့ ဒုတိယအများဆုံး ဖြစ်နေပါတယ်။ ဒူးစ်ဘာရီ-ဟောလ်နဲ့ ပတ်သတ်ပြီးတော့လည်း မွိုက်စ်က “သူဟာ ကျွန်တော့်ရဲ့ မျှော်မှန်းချက်တွေကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ပါတယ်။ သူက ကျွန်တော့် အတွက် ဂိုးတွေ သွင်းပေးမယ်လို့ ကတိပေးထားခဲ့တာ၊ အခုတော့ ကျွန်တော်တို့ သူ့အပေါ် တကယ်ကို စိတ်ကျေနပ်မိပါတယ်။ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတုန်းက သူ မပါနိုင်တာက ကျွန်တော်တို့ အတွက် အရှုံးကြီး တစ်ခုပါ။ သူ အခုလို ဆက်လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒဏ်ရာမရခင်က အခြေအနေအတိုင်း ပြန်ဖြစ်ဖို့ သူ နည်းနည်းတော့ ကြိုးစားရဦးမယ် ထင်ပေမယ့် အခုတော့ သူ ကောင်းကောင်း ပြန်လာနိုင်နေပါပြီ။” လို့ သုံးသပ်သွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


