အီဂျစ် ကြယ်ပွင့် မိုဟာမက် ဆာလာဟာ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် လစ်ဗာပူးလ်မှာ ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်တဲ့ မော်ကွန်းတင်လောက်စရာ အမွေအနှစ် တစ်ခုကို ချန်ရစ်ထားခဲ့ပါပြီ။ မိုဟာမက် ဆာလာရဲ့ အန်ဖီးလ်ကွင်း နှုတ်ဆက်ပွဲမှာ ကြိုးကြာနီတို့ အနေနဲ့ ချန်ပီယံ ဆုဖလား မမြှောက်နိုင်ခဲ့ပေမယ့်၊ ဆာလာ ကတော့ အသင်းဖော်တွေကို အနာဂတ်မှာ အသင်း အတွက် “အရာရာ ပုံအောပေးဆပ်ကြဖို့” မတောင်းဆိုခင် အမှတ်တရ ဂုဏ်ပြုဆု တစ်ခု လက်ခံ ရရှိခဲ့ပါတယ်။
တနင်္ဂနွေနေ့က ဘရန့်ဖို့ဒ်နဲ့ ၁-၁ သရေကျကာ အဆုံးသတ်ခဲ့ရတဲ့၊ အလှည့်အပြောင်း များလှတဲ့ ၂၀၂၅-၂၆ ရာသီရဲ့ နောက်ဆုံး ပွဲစဉ်မှာ လစ်ဗာပူးလ် ဂျာစီနဲ့ နောက်ဆုံးအကြိမ် ပါဝင် ကစားပေးခဲ့တဲ့ ဒီအီဂျစ် စူပါစတားဟာ အမ်ဖီးလ်ကွင်းက ပရိသတ်တွေကို နောက်ဆုံးအကြိမ် အရိုအသေပေး နှုတ်ဆက်ခဲ့ပါတယ်။ ဆာလာဟာ ဒီပွဲမှာ အသင်း အတွက် ရရှိခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုး အတွက် လှပစွာ ဖန်တီးပေးခဲ့ပြီး၊ သူ့နာမည်ကို အော်ဟစ်သီဆိုနေကြတဲ့ ပရိသတ်တွေ အတွက် နောက်ဆုံး အကြိမ် အဖြစ် ရင်ထဲရောက်စေခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။
ပွဲအပြီး မှာတော့ ကလပ် အသင်း ဘက်ကလည်း အီဂျစ် ဂန္ထဝင် တိုက်စစ် ကစားသမား အတွက် သူတို့ရဲ့ ကျေးဇူးတင် တန်ဖိုးထားမှုကို ပြသခဲ့ကြပါတယ်။ ဆာလာဟာ အသင်းဖော်တွေရဲ့ Guard of honor ကြားကနေ ဖြတ်သန်းလာခဲ့ပြီး၊ ကွင်းလယ်မှာ အမှုဆောင်အရာရှိချုပ် ဘီလီ ဟိုဂန်၊ အားကစား ဒါရိုက်တာ ရစ်ချက် ဟုခ်ျနဲ့ လစ်ဗာပူးလ် ဂန္ထဝင် ကစားသမားဟောင်းတွေ ဖြစ်တဲ့ ကန်နီ ဒဲလ်ဂလစ်ရှ်၊ အီယန် ရပ်ရှ် တို့နဲ့ တွေ့ဆုံကာ အမှတ်တရ လက်ဆောင် တစ်ခုကို လက်ခံရယူခဲ့ပါတယ်။
“The Champions Wall” (ချန်ပီယံများရဲ့ တံတိုင်း) လို့ အမည်ပေးထားတဲ့ အဆိုပါ ကမ္ပည်းပြားပေါ်မှာ လစ်ဗာပူးလ် အသင်းရဲ့ ဆုဖလား ဗီရိုထဲက ဖလားစာရင်းကို ဖော်ပြထားပြီး၊ အဲ့ဒီအထဲက အများစုဟာ ဆာလာ ကိုယ်တိုင် အသင်း အတွက် ရယူပေးခဲ့တာ ဖြစ်ပါတယ်။ မာဆေးဆိုဒ်မှာ ဖြတ်သန်းခဲ့တဲ့ သူ့ရဲ့ ၉ နှစ်တာ သက်တမ်း အတွင်း ပရီးမီးယားလိဂ် ဖလား ၂ လုံးနဲ့ ချန်ပီယံလိဂ် ဖလား ၁ လုံး အပါအဝင် ဆုဖလားကြီး ၉ လုံးအထိ ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။
အဲ့ဒီနောက် မှာတော့ ကွင်းတစ်ခုလုံးက စိတ်လှုပ်ရှားစရာ ကောင်းလွန်းတဲ့ အသင်း သီချင်း “ You’ll Never Walk Alone” ကို သီဆိုခဲ့ကြတာကြောင့် ဆာလာ တစ်ယောက် မျက်ရည်ကျခဲ့ရပါတယ်။ လစ်ဗာပူးလ် ကစားသမားဘဝကို အတူတူ အဆုံးသတ်ခဲ့တဲ့ အန်ဒီ ရောဘတ်ဆန် ကလည်း ဆာလာလိုပဲ ဂုဏ်ပြု နှုတ်ဆက်ခြင်းကို ခံခဲ့ရပါတယ်။
စိတ်လှုပ်ရှားစရာ နှုတ်ဆက်ပွဲ အပေါ် ဆာလာရဲ့ ရင်ဖွင့်ချက်နဲ့ နှုတ်ဆက်စကား
လစ်ဗာပူးလ် အသင်း အတွက် ၂၅၇ ဂိုး သွင်းယူပေးခဲ့ပြီး ဂိုးဖန်တီးမှု ၁၂၃ ကြိမ် ပြုလုပ်ပေးခဲ့တဲ့ ဆာလာဟာ တနင်္ဂနွေနေ့က နှုတ်ဆက်ပွဲမှာ သူဘယ်လောက်တောင် စိတ်လှုပ်ရှားပြီး မျက်ရည်ကျခဲ့ရလဲ ဆိုတာကို ပွဲအပြီးမှာ အခုလိုပဲ ဟာသလုပ်ပြီး ပြန်ပြောပြခဲ့ပါတယ်။
“ကျွန်တော် အများကြီး ငိုခဲ့ရတယ်၊ ကျွန်တော့် တစ်သက်မှာ ဒီလောက် မငိုဖူးဘူး ထင်တယ်ဗျာ။ ဒါပေမယ့် ဒီလိုနေရာမျိုးကနေ ထွက်ခွာရတာ တကယ်ကို ခက်ခဲပါတယ်။
လေ့ကျင့်ရေးကွင်းမှာတုန်း ကလည်း နည်းနည်း ငိုမိသေးတယ်။ တကယ်တော့ ကျွန်တော်က စိတ်ခံစားမှု ပြလေ့ ရှိတဲ့သူမျိုး မဟုတ်ပါဘူး။ မီဒီယာတွေ ရှေ့မှာလည်း ဒါမျိုး ခင်ဗျားတို့ သိပ်မြင်ရမှာ မဟုတ်ဘူးလေ။ ခင်ဗျားတို့ မြင်နေရကျက သန်မာပြီး ခက်ထန်တဲ့ ပုံစံမျိုး ဖြစ်ပေမယ့် ကျွန်တော့် စိတ်ထဲ မှာတော့ ကလေးလေး တစ်ယောက်လို ခံစားနေရတာပါ။”

“ဒါဟာ တကယ်ကို ခက်ခဲပါတယ်။ ကျွန်တော် တို့ရဲ့ လူငယ်ဘဝတွေကို ဒီနေရာမှာပဲ ပေးဆပ်ခဲ့ပြီး၊ အစကနေ အဆုံးအထိ အရာရာကို အတူတူ ဖြတ်သန်းခဲ့ကြတာ။ ကျွန်တော်တို့ ဒီလောက် အထိ အောင်မြင်မယ်လို့ အိမ်မက်တောင် မမက်ခဲ့ဖူးပါဘူး၊ ဒါပေမယ့် ဒီကလပ် အသင်း အတွက် ကျွန်တော်တို့ လုပ်ပေးနိုင်ခဲ့တယ်။ အသင်းကို ရှိသင့်ရှိထိုက်တဲ့ အဆင့်အတန်း တစ်ခုဆီ ပြန်ပို့ပေးနိုင်ခဲ့ပါတယ်” လို့ ဆာလာက ဆိုပါတယ်။
ဒါ့အပြင် ဆာလာက ပရီးမီးယားလိဂ်မှာ အဆင့် ၅ သာ ရရှိပြီး ဖလား လက်မဲ့ ဖြစ်ခဲ့ရတဲ့ အိပ်မက်ဆိုးလို ရာသီ တစ်ခု အပြီးမှာ သူ့ရဲ့ လစ်ဗာပူးလ် အသင်းဖော်တွေကို ပြင်းပြင်းထန်ထန် သတိပေးစကား ပြောကြားခဲ့ပါတယ်။ ဒါကတော့ အဝတ်လဲခန်းထဲက ကစားသမားတွေကို ကျွန်တော် ပေးချင်တဲ့ စကားပါ။ ကြည့်စမ်းပါ၊ အခုအချိန်မှာ ဒီကလပ် အသင်းက ဆုဖလား အားလုံး အတွက် တိုက်ပွဲဝင်နေတာ။ ပရိသတ်တွေက ဒီထက်နည်းတဲ့ ရလဒ်မျိုးကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး။”
ခင်ဗျားတို့ ဒီကွင်းထဲမှာ သွေးနဲ့ချွေး ပေးဆပ်ပြီး ကစားနေသရွေ့ သူတို့က ရလဒ်ကို သိပ်ဂရုစိုက်မှာ မဟုတ်ပါဘူး။ သူတို့ ခင်ဗျားတို့ကို ထာဝရ ချစ်သွားကြလိမ့်မယ်။ ဒါကြောင့် ကျွန်တော် ပြောချင်တာက ဒါဟာ ပါရမီ သက်သက်တင် မဟုတ်ပါဘူး၊ အရာအားလုံး အပေါ် ပုံအော ပေးဆပ်မှု ဖြစ်ရပါမယ်။ ဒါကြောင့်လည်း ရောဘတ်ဆန်ကို လူတိုင်းထက် ပိုချစ်ကြတာပေါ့၊ ဘာလို့လဲ ဆိုတော့ သူက ကွင်းထဲမှာ အရာအားလုံးကို ပုံအောပေးဆပ်ခဲ့ပြီး ပရိသတ်တွေ ကလည်း အဲ့ဒီအတွက် သူ့ကို ချစ်ကြတာ။ လစ်ဗာပူးလ် ကနေ ထွက်ခွာရတာ ခက်ခဲပေမယ့် ဒါဟာ ဘဝပဲမို့ ရှေ့ဆက်ရပါလိမ့်မယ်။” လို့ ပြည်ပြည့်စုံစုံ ပြောကြားခဲ့ပါတယ်။
ဆာလာနဲ့ ရောဘတ်ဆန်တို့ အပေါ် နည်းပြ ဆလော့တ်ရဲ့ နောက်ဆုံး မှတ်ချက်
ဒီရာသီ အတွင်း အချင်းချင်း အကြိမ်ကြိမ် အဆင်မပြေဖြစ်ခဲ့ကြတဲ့ နည်းပြ အာနေး ဆလော့တ်နဲ့ မိုဟာမက် ဆာလာတို့ အကြား သတင်းတွေက ဆက်လက် ထွက်ပေါ်နေဆဲပါ။ နည်းပြ ဆလော့တ် ကလည်း ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ အသက် ၃၃ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဆာလာကို ဘယ်လို အခန်းကဏ္ဍ ကနေ သုံးမလဲ ဆိုတာ အတည်မပြုခဲ့ပေမယ့် နောက်ဆုံး မှာတော့ ဆာလာရဲ့ နောက်ဆုံး ပွဲစဉ် အတွက် ပွဲထွက်လူစာရင်းမှာ ထည့်သွင်းပေးခဲ့ပါတယ်။
ပွဲချိန် ၇၄ မိနစ်မှာ ဆာလာ ကွင်းထဲကနေ နောက်ဆုံးအကြိမ် လူစားလဲ ထွက်ခွာလာချိန်မှာ သူတို့ နှစ်ဦးဟာ ခပ်တန်းတန်းပဲ ဖက်လှဲတကင်း ရှိခဲ့ကြပြီး၊ ဆလော့ဂ်ဟာ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ မှာလည်း ဆာလာနဲ့ ရောဘတ်ဆန်တို့ အပေါ် သူ့ရဲ့ သာမန် ခပ်အေးအေး သတင်းစကားကိုပဲ အခုလို ပြောကြားခဲ့ပါတယ်။
“ကောင်းပါတယ်၊ ကျွန်တော်တို့ ပရိသတ်တွေဆီကနေ မျှော်လင့်ထားသလိုပါပဲ။ သူတို့ နှစ်ယောက်ဟာ သူတို့နဲ့ ထိုက်တန်တဲ့ ကြိုဆိုမှုကို အပြည့်အဝ ရရှိခဲ့တာပါ။ ပြီးခဲ့တဲ့ ၉ နှစ်တာ အတွင်း ဒီနေရာမှာ ဆုဖလား ၉ လုံး သွင်ယူပေးခဲ့တဲ့ ဂန္ထဝင် နှစ်ဦးလေ။”
“ဒါကြောင့် သူတို့ အတွက်တော့ ဒါဟာ အမှတ်တရ ဖြစ်စေမယ့် နေ့တစ်နေ့၊ ခက်ခဲတဲ့ နေ့တစ်နေ့လည်း ဖြစ်နိုင်သလို သေချာပေါက် အထူးခြားဆုံး နေ့တစ်နေ့လည်း ဖြစ်မှာပါ။ ပရိသတ်တွေ ကလည်း ဒါကို ထူးခြားအောင် လုပ်ပေးခဲ့ကြတယ်။ ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ဖူးသလိုပါပဲ၊ ဒီကလပ်ဟာ လိဂ်ချန်ပီယံဆုကို ဘယ်လို အောင်ပွဲခံရမလဲ ဆိုတာ သိသလို၊ ဝမ်းနည်းစရာ အဖြစ်ဆိုးတွေကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာလည်း သိတယ်၊ ပြီးတော့ ဒီကစားသမားနှစ်ဦးကို ဘယ်လို ဂုဏ်ပြု နှုတ်ဆက်ရမလဲ ဆိုတာ ကိုလည်း သေချာပေါက် ကောင်းကောင်းကြီး သိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


