မိုဟာမက် ဆာလာဟာ ပရီးမီးယားလိဂ် မှာရော၊ လစ်ဗာပူးလ် အသင်းရဲ့ သမိုင်းမှာပါ အကောင်းဆုံး ကစားသမား တစ်ဦး အဖြစ် ချွင်းချက်မရှိ သတ်မှတ်ခံထားရသူ တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီ မှာတော့ အီဂျစ်သားက သူ့ရဲ့ ခြေစွမ်းဟာ ပုံမှန်စံနှုန်းတွေ အောက်ကို အများကြီး ကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ အသက်အရွယ်ကြောင့်လား ဒါမှမဟုတ် နည်းပြ အာနေး ဆလော့တ်ရဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲကြောင့်လား ဆိုတာ မေးခွန်းထုတ်စရာတွေ ရှိလာပါတယ်။ ဒီအခြေအနေကို အချက်အလက်ပေါ် အခြေခံပြီး Opta Analyst က တွက်ချက် သုံးသပ်ခဲ့ရာ မှာတော့…
အတိတ်က ရွှေရောင်နေ့ရက်များ
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီတုန်းက ဆာလာဟာ လစ်ဗာပူးလ် ကစားသမား ဘဝ အကောင်းဆုံး စွမ်းဆောင်ရည်တွေထဲက တစ်ခုကို ပြသနိုင်ခဲ့ပါတယ်။ အဲဒီအချိန်က သူဟာ အသက် ၃၂ နှစ် အရွယ် ရှိနေပေမယ့် ခြေစွမ်းကျနေပြီဆိုတဲ့ ဝေဖန်သူတွေကို ပါးစပ်ပိတ်သွားအောင် ပြိုင်ပွဲစုံ ၅၂ ပွဲမှာ ၃၄ ဂိုး သွင်း၊ ၂၃ ဂိုး ဖန်တီးပြီး သက်သေပြခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ် မှာတင် ၂၉ ဂိုး သွင်း၊ ၁၈ ဂိုး ဖန်တီးပြီး လစ်ဗာပူးလ်ကို ချန်ပီယံဆု ရရှိအောင် ကူညီပေးခဲ့တာပါ။
အဲဒီအချိန်က အာနေး ဆလော့တ်ရဲ့ ပထမဆုံးရာသီ ဖြစ်ပြီး၊ နည်းပြက ဆာလာ ဆီကနေ အကောင်းဆုံး ခြေစွမ်း ထုတ်ယူနိုင်ခဲ့ပုံရပါတယ်။ ဆာလာ ကိုယ်တိုင် ကလည်း “ကိန်းဂဏန်းတွေကို ကြည့်ရင် သိနိုင်ပါတယ်။ အခု ကျွန်တော် ခံစစ် သိပ်ဆင်းစရာ မလိုတော့ဘူး။ နည်းစနစ်တွေက အရင်နဲ့ မတူဘူး။ ကျွန်တော့်ကို ခံစစ်တာဝန် လျှော့ပေးသရွေ့ တိုက်စစ်မှာ အကျိုးပြုမယ်လို့ ပြောခဲ့တဲ့ အတိုင်း လုပ်နိုင်ခဲ့လို့ ဝမ်းသာပါတယ်။” လို့ လစ်ဗာပူးလ် ချန်ပီယံ ဖြစ်တဲ့နေ့က ပြောခဲ့ဖူးပါတယ်။
လက်ရှိရာသီရဲ့ ထိုးဆင်းသွားတဲ့ ကိန်းဂဏန်းများ

ဆာလာဟာ စာချုပ်သစ် ၂ နှစ် ထပ်မံချုပ်ဆိုနိုင်ခဲ့ပေမယ့် ဒီရာသီ မှာတော့ ၂၀၁၇ ခုနှစ်က အသင်းကို စတင်ရောက်ရှိချိန်ကတည်းက ဆိုရင် အဆိုးရွားဆုံး ခြေစွမ်း ဖြစ်နေပါတယ်။ ဆာလာက လက်ရှိမှာ အသင်း အတွက် ၃၂ ပွဲ ကစားရာမှာ ၉ ဂိုး သွင်း၊ ၈ ဂိုး ဖန်တီးထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ၃၂ ပွဲ ကစားအပြီးမှာ ဆာလာဟာ ဂိုးပါဝင် ပတ်သက်မှု အနေနဲ့ အကြိမ် ၄၀ အထိ ရှိခဲ့ပါတယ်။ (အခုတော့ ၁၇ ကြိမ်သာ ရှိပါတယ်)။ အာနေး ဆလော့တ်နဲ့ ပထမဆုံး ၄၁ ပွဲမှာ ၅၄ ဂိုး အထိ ပါဝင် ပတ်သက်ခဲ့ပေမယ့်၊ နောက်ပိုင်း ၄၃ ပွဲ မှာတော့ ဂိုး ၂၀ (၁၁ ဂိုးသွင်း၊ ၉ ဂိုး ဖန်တီး) သာ ရှိပါတော့တယ်။
ဘာကြောင့် ခြေစွမ်းကျဆင်းရတာလဲ
ပထမအခြေအနေ တစ်ခုက ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု လျော့နည်းလာခြင်း ဖြစ်ပါတယ်။ ဒီရာသီမှာ ဆာလာဟာ ပင်နယ်တီ မပါဝင်ဘဲ တစ်ပွဲ ပျမ်းမျှ ဂိုးသွင်းနှုန်း ၀.၂၄ သာ ရှိပါတယ်။ ဒါဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီက အဆိုးရွားဆုံး စံချိန် ၀.၄၄ ထက်တောင် ထက်ဝက်နီးပါး လျော့နည်းနေတာပါ။ အခွင့်အရေးကြီးတွေ ရရှိမှုလည်း အရင်က တစ်ပွဲကို ၀.၇ ရှိရာ ကနေ အခုဆိုရင် အခွင့်အရေး ၂၀ မှာ ၆ ဂိုးသာ သွင်းယူနိုင်ပါတော့တယ်။
နောက်တစ်ချက်က ဂိုးဧရိယာအတွင်း ထိတွေ့မှု နည်းပါးလာခြင်း ဖြစ်ပါတယ်။ ဆာလာဟာ ဘောလုံးနဲ့ ဝေးနေတာ မဟုတ်ပါဘူး (ဘောလုံး ထိချက် တစ်ပွဲ ၅၁.၂ ကြိမ် ရှိနေဆဲပါ)။ ဒါပေမယ့် ပြိုင်ဘက် ဂိုးဧရိယာအတွင်း ထိတွေ့မှု ကတော့ တစ်ပွဲကို ၇.၅ ကြိမ်ပဲ ရှိပြီး ဒါဟာ လစ်ဗာပူးလ် ကစားသမား ဘဝမှာ အနည်းဆုံးပါပဲ။ ပြီးခဲ့တဲ့ရာသီက ဂိုးဧရိယာထဲမှာ ဘောလုံး ထိတွေ့မှု ၂၀ ရာခိုင်နှုန်း ရှိခဲ့ပေမယ့် အခု ၁၅ ရာခိုင်နှုန်းပဲ ရှိပါတော့တယ်။ အများစုက ဂိုးဧရိယာ အပြင်ဘက်မှာပဲ ရှိနေပါတယ်။
တတိယတစ်ချက်က တစ်ဦးချင်း ကျော်ဖြတ်နိုင်စွမ်း ဖြစ်ပါတယ်။ အရင်က နောက်ခံလူတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်တဲ့ ဆာလာဟာ အခုဆိုရင် ကျော်ဖြတ်နိုင်စွမ်း အောင်မြင်မှုနှုန်း ၂၇.၈ ရာခိုင်နှုန်းပဲ ရှိပါတော့တယ်။ ပရီးမီးယားလိဂ်မှာ ဆိုရင် ၂၀ ရာခိုင်နှုန်း အထိ ထိုးဆင်းသွားပါတယ်။
နောက်ဆုံး တစ်ချက် ကတော့ နည်းစနစ်ပိုင်း ပြောင်းလဲမှု ဖြစ်ပါတယ်။ ဆာလာဟာ အခုရာသီမှာ ခံစစ် ကူညီမှုတွေ ပိုလုပ်နေရပါတယ်။ ဖျက်ထုတ်မှုနဲ့ ကြားဖြတ် လုယူမှု ကိန်းဂဏန်းတွေ မြင့်တက်လာတာက သူ ခံစစ်မှာ အားစိုက်နေရလို့ တိုက်စစ်မှာ ထိရောက်မှု လျော့သွားတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သူ့ကို အမြဲတမ်း ပံ့ပိုးပေးနေကျ ဖြစ်တဲ့ ထရန့် အလက်ဇန္တား-အာနိုးလ် မရှိတော့တဲ့နောက် တခြားသော ညာနောက်ခံလူတွေနဲ့ တွဲကစားနေရတာ ကလည်း အခက်အခဲ တစ်ခု ဖြစ်နေပါတယ်။
နိဂုံးချုပ် သုံးသပ်ရရင်တော့ ဒီလို အခြေအနေတွေ ဖြစ်နေခြင်းက “ဆာလာရော၊ စနစ်ရော နှစ်ခုစလုံးကြောင့်” လို့ ဆိုရပါမယ်။ ဆာလာဟာ အခွင့်အရေး ရရင်လည်း အရင်လို အဆုံးမသတ်နိုင်သလို၊ အာနေး ဆလော့တ်ရဲ့ ကစားကွက် ကလည်း သူ့ကို ဂိုးပေါက်နဲ့ ဝေးရာကို ရောက်သွားစေပါတယ်။ ဒါကြောင့် လစ်ဗာပူးလ် အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ဆုဖလား မျှော်လင့်ချက်တွေ အတွက် ဆာလာကို ဂိုးဧရိယာနဲ့ အနီးဆုံး နေရာကို ပြန်ပို့ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


