မန်ချက်စတာ ဘရာဇီးလ် ဝါရင့် ကွင်းလယ် ကစားသမားကြီး ကက်စ်မဲရိုး ကတော့ ရာသီအကုန်မှာ မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲတော့မှာ ဖြစ်ကြောင်း အသင်းဘက်က အတည်ပြု ထုတ်ပြန်လာခဲ့ပါတယ်။ ကက်စ်မဲရိုးဟာ ပရီးမီးယားလိဂ် ကလပ်မှာ ၄ ရာသီကြာ ကစားပြီး သူချစ်တဲ့ အိုးထရက်ဖို့ဒ် ကနေ စွန့်ခွာတော့မှာ ဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကက်စ်မဲရိုးက ၂၀၂၂ ခုနှစ်၊ နွေရာသီမှာ ရီးရဲလ်မက်ဒရစ် ကနေ ယူနိုက်တက်ကို ပေါင်သန်း ၇၀ နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ယူနိုက်တက် အတွက် လက်ရှိအချိန်ထိ ပွဲပေါင်း ၁၄၆ ပွဲကစား၊ ၂၁ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ခဲ့သလို ဆုဖလား အောင်မြင်မှု အဖြစ် ခရာဘောင်ဖလားနဲ့ အက်ဖ်အေဖလားတွေ ရရှိခဲ့ပါတယ်။
ယူနိုက်တက်ဟာ ကတ်စ်မဲရိုးနဲ့ ၄ နှစ် စာချုပ် ချုပ်ဆိုထားခဲ့တာ ဖြစ်ပြီး အဲဒီစာချုပ်က ဒီရာသီအကုန်မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ စာချုပ်ထဲမှာ နောက်ထပ် တစ်နှစ် သက်တမ်းတိုးဖို့ သဘောတူညီချက် ပါဝင်ပေမယ့် ယူနိုက်တက် ဘက်က လာမယ့် နွေရာသီမှာ ကွင်းလယ်ပိုင်းကို သွေးသစ်လောင်း အင်အားဖြည့်တင်းဖို့ စီစဉ်ထားတာကြောင့် ကက်စ်မဲရိုးနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ ကြေညာချက်ထဲ မှာတော့ ‘ကက်စ်မဲရိုးဟာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် နွေရာသီမှာ ယူနိုက်တက် ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ဂန္ထဝင် ကွင်းလယ်လူ ကက်စ်မဲရိုးဟာ အသင်းမှာ ၄ ရာသီကြာ ကစားခဲ့ပြီး ၁၄၆ ပွဲကစား၊ ၂၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။” လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ကက်စ်မဲရိုး ကတော့ “အားပေးမှုတွေက ကျွန်တော့် အတွက်တင်မကဘဲ ကျွန်တော့်ရဲ့ မိသားစု တစ်ခုလုံး အတွက်ပါ အရမ်းကို အရေးပါပါတယ်။ အရမ်းထူးခြားပါတယ်၊ ဒီအသင်းကို တစ်သက်လုံး ကျွန်တော်နဲ့ အတူ အမြဲတမ်း သယ်ဆောင်သွားမှာပါ။ ကျွန်တော်က မန်ချက်စတာယူနိုက်တက် ပရိသတ် တစ်ယောက် ဖြစ်သလို ကျွန်တော့် မိသားစု တစ်ခုလုံးလည်း ဖြစ်နေမှာပါ။”

“အင်္ဂလန်မှာ ကျွန်တော်က အနီရောင်ပါ။ သေတဲ့ အထိ မန်ချက်စတာယူနိုက်တက်ပါပဲ။ ဒါကြောင့် ကျွန်တော် ပြောချင်တာက အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ မိတ်ဆက်ပွဲမှာ၊ လေဆိပ်ကို ရောက်ချိန် ပထမဆုံးနေ့မှာ ကတည်းက ပရိသတ်တွေ အားလုံးဟာ ကျွန်တော့် အပေါ်မှာ အရမ်းပဲ နွေးထွေးခဲ့ကြပါတယ်။ ကျွန်တော့် အတွက်တင်မကဘဲ ကျွန်တော့်ရဲ့ မိသားစု တစ်ခုလုံးကိုပါ နွေးထွေးစွာ ဆက်ဆံပေးခဲ့ကြပါတယ်။”
“ကျွန်တော် ဘောလုံးကွင်းထဲကို ပထမဆုံး ရောက်လာတဲ့နေ့မှာ ပရိသတ်တွေက ကျွန်တော့် နာမည်နဲ့ သီချင်းတွေကို သီဆိုနေကြပြီး ဒါကို ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး။ နှုတ်ဆက်တာ မဟုတ်ပါဘူး၊ ကျွန်တော့် ဘဝရဲ့ အခန်း ကဏ္ဍတစ်ခု ပါပဲ။ မန်ချက်စတာယူနိုက်တက်နဲ့ အတူ ကျွန်တော် အမြဲတမ်း ရှိနေမှာပါ။” လို့ ဆိုပါတယ်။
ဆက်လက်ပြီး “ကျေးဇူးတင်ပါတယ်။ ကျွန်တော့် ဘဝရဲ့ အထူးအချိန်တွေ ဖြစ်အောင် လုပ်ပေးခဲ့တဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်၊ အထူးသဖြင့် ပရိသတ်တွေပေါ့။ ကျွန်တော့်ရဲ့ သီချင်းကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ အရမ်းပဲ ကျေးဇူးတင်ပါတယ်။ ခမ်းနားလှပတဲ့ အိုးထရက်ဖို့ဒ်ကွင်းထဲကို ခြေချခွင့်ရတဲ့ ပထမဆုံးနေ့ ကတည်းက ဒီကွင်းရဲ့ စွမ်းအား၊ ယူနိုက်တက် ပရိသတ်တွေရဲ့ ချစ်ခြင်း မေတ္တာတွေကို ကျွန်တော် ခံစားမိခဲ့ပါတယ်။ အခုက နှုတ်ဆက် စကား ပြောရမဲ့အချိန် မရောက်သေးပါဘူး။ နောက်ထပ် ၄ လ အတွင်း အမှတ်ရစရာတွေ အများကြီး ဖန်တီးဖို့ အချိန်တွေ ရှိနေပါသေးတယ်။” လို့ ကက်စ်မဲရိုးက ပြောကြားခဲ့ပါတယ်။
ကက်စ်မဲရိုးဟာ သူ့ရဲ့ နောက်ဆုံး ရာသီမှာ ယူနိုက်တက်ကို ချန်ပီယံလိဂ် ဝင်ခွင့် ရအောင် ကူညီပေးဖို့ ရည်ရွယ်ထားပြီး ဆုဖလား အောင်မြင်မှုနဲ့ အဆုံးသတ်ဖို့တော့ မဖြစ်နိုင်တော့ပါဘူး။ ကတ်စ်မဲရိုးဟာ ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီမှာတော့ တစ်ကျော့ပြန် ခြေစွမ်းပြနိုင်ခဲ့ပြီး ရူဘင် အမော်ရင်၊ ဒါရင်း ဖလက်ချာနဲ့ လက်ရှိ မိုက်ကယ် ကာရစ်တို့ လက်ထက်မှာ အဓိက ကွင်းလယ်လူ အဖြစ် ပါဝင်ကစားခွင့် ရရှိနေပါတယ်။
ဘရာဇီးလ်သားက မန်ချက်စတာကို ရောက်ရှိပြီး ကတည်းက ဘရူနို ဖာနန်ဒက်စ် (၁၂၇ ပွဲ) နဲ့ ဒီယိုဂို ဒါးလော့တ် (၁၁၅ ပွဲ) တို့ပြီးရင် သရဲနီတွေ အတွက် ပရီးမီးယားလိဂ်မှာ (၉၇ ပွဲ) ပွဲအများဆုံး ကစားထားသူ ဖြစ်ပါတယ်။ ကက်စ်မဲရိုးက အဲဒီအချိန်အတွင်း ပရီးမီးယားလိဂ်မှာ ၁၆ ဂိုး (၁၀ ဂိုးသွင်း၊ ၆ ဂိုး ဖန်တီး) မှာ တိုက်ရိုက် ပါဝင်ပတ်သတ်ခဲ့ပါတယ်။ ဒါဟာ ယူနိုက်တက် အတွက် ပဉ္စမမြောက် အများဆုံး ဖြစ်နေခဲ့သလို ဒီရာသီမှာတော့ ၄ ဂိုးကာ ၁ ဂိုး ဖန်တီးပေးထားပါတယ်။
ဒါပေမယ့်လည်း ကက်စ်မဲရိုးက အင်္ဂလန်မှာ စည်းကမ်းပိုင်း ပြဿနာတွေ ကြုံတွေ့ခဲ့ရပြီး အဝါကတ် ၂၄ ကတ်နဲ့ အနီကတ် ၃ ကတ် ပြသခံခဲ့ရကာ ၂၀၂၂-၂၀၂၃ ရာသီ နောက်ပိုင်း ယူနိုက်တက် ကစားသမားတွေ ထဲမှာတော့ အများဆုံး ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


