ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကတော့ ယာယီ နည်းပြ အီဂေါ တူဒါရဲ့ လက်အောက်မှာ ၄ ပွဲကစား ၄ ပွဲ ရှုံးပြီး ဆိုးဆိုးရွားရွား ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ စပါးဟာ မမျှော်လင့်ပဲ ပရီးမီးယားလိဂ် တန်းဆင်းဇုန် တိုက်ပွဲထဲ ရောက်နေပြီး ဒီအခြေအနေ ကနေ ရုန်းထနိုင်ဖို့ အီဂေါ တူဒါ အနေနဲ့ ဘာဆိုဘာမှ မစွမ်းဆောင်ပြနိုင်သေးပါဘူး။ စပါးဟာ ချန်ပီယံလိဂ် မှာလည်း အက်တလက်တီကိုမက်ဒရစ်ကို ဂိုးပြတ် ရှုံးနိမ့်ထားတာကြောင့် လာမယ့် ဒုတိယအကျော့ ပွဲစဉ်က သူ့အတွက် နောက်ဆုံးအချိန် ဖြစ်သွားနိုင်တဲ့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။
ပရီးမီးယားလိဂ်က ရာသီကုန်ဖို့ ပွဲစဉ် ၉ ပွဲသာ ကျန်ရှိတော့ပြီး တန်းဆင်းဇုန်နဲ့ ၁ မှတ်သာ ကွာဟတော့တဲ့ စပါး အတွက် ချန်ပီယံရှစ်ကို မဆင်းရဖို့ အတွက် ကြီးမားတဲ့ အပြောင်းအလဲ တစ်ခု ပြုလုပ်ဖို့ လိုအပ်နေပါပြီ။ လက်ရှိမှာ သူတို့ အတွက် ရွေးချယ်စရာ နည်းပြ သိပ်ပြီး များများစားစား မရှိပေမယ့် အစားထိုးနိုင်ဖွယ် ရှိတဲ့ နည်းပြ ၅ ဦးမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ ရိုင်ယန် မေဆင်
အသင်းရဲ့ DNA ပါတဲ့ သူကို တာဝန်ပေးဖို့ စပါး ပရိသတ်တွေက လိုလားနေပါတယ်။ အသက် ၃၄ နှစ် အရွယ်သာ ရှိသေးတဲ့ မေဆင်ဟာ စပါးမှာ ကစားသမားဘဝရော၊ နည်းပြ အဖွဲ့ဝင် အဖြစ်ပါ ၇ နှစ်ကြာ ဖြတ်သန်းခဲ့သူ ဖြစ်သလို ယာယီ နည်းပြ အဖြစ်လည်း ၂ ကြိမ်တိုင်တိုင် တာဝန်ယူဖူးပါတယ်။ သူဟာ မကြာသေးခင်က ဝက်စ်ဘရွန်းကို နည်းပြခဲ့ပေမယ့် ဇန်နဝါရီလမှာ ရာထူး ကနေ ထုတ်ပယ်ခံထားရသူပါ။ နည်းဗျူဟာပိုင်းမှာ သိပ်ပြီး ထူးခြားတာမျိုး မရှိပေမဲ့ စိတ်ဓာတ်ကျနေတဲ့ ကစားသမားတွေကို ပြန်လည် စုစည်းပေးနိုင်စွမ်းတော့ ရှိနေသူ ဖြစ်ပါတယ်။
၂။ ရော်ဘီ ကိန်း
စပါးရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း ရော်ဘီ ကိန်းဟာ အိုင်ယာလန်၊ အစ္စရေးနဲ့ ဟန်ဂေရီ လိဂ်တွေမှာ နည်းပြ အတွေ့အကြုံ ကောင်းကောင်း ယူထားသူပါ။ လက်ရှိမှာ ဟန်ဂေရီ ကလပ် ဖယ်ရန်ဗာရို့စ်ကို လိဂ်ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးထားသလို ယူရိုပါလိဂ် ၁၆ သင်း အဆင့် မှာလည်း ဆက်လက် ယှဉ်ပြိုင်နေဆဲပါ။ သူဟာ ယာယီ နည်းပြထက် အမြဲတမ်း နည်းပြ အဖြစ် စပါးကို ကိုင်တွယ်ဖို့ ပိုပြီး စိတ်ဝင်စားသူဖြစ်ပေမယ့် အသင်းနဲ့ သံယောဇဉ် ကြီးမားသူ ဖြစ်တာကြောင့် စပါး ဘက်က ဆက်သွယ်သင့်တဲ့သူ တစ်ဦး ဖြစ်ပါတယ်။
၃။ ရှောင် ဒိုက်ချ်
စပါးတို့ တန်းမဆင်းရဖို့ အတွက် ဆိုရင် ပရီးမီးယားလိဂ် အတွေ့အကြုံရင့် နည်းပြ တစ်ဦး လိုအပ်ပါလိမ့်မယ်။ နော့တင်ဟမ်ဖောရက်စ် ကနေ ပူပူနွေးနွေး ထုတ်ပယ်ခံထားရတဲ့ ရှောင်ဒိုက်ချ်က စပါး အတွက် သင့်တော်တဲ့သူ ဖြစ်နိုင်ပါတယ်။ ခံစစ်ကို ကျစ်လျစ်အောင် လုပ်နိုင်ပြီး အသင်းကို အလွယ်တကူ အရှုံးမပေးတတ်အောင် တည်ဆောက်နိုင်တဲ့ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ ဘန်လေနဲ့ အဲဗာတန် တို့မှာ သက်သေပြခဲ့ပြီးသားပါ။ စပါး ပရိသတ်တွေ သဘောကျမယ့် ကစားဟန်မျိုး မဟုတ်ပေမယ့် လက်ရှိ အခြေအနေ မှာတော့ အမှန်ကန်ဆုံး ရွေးချယ်မှု ဖြစ်လာနိုင်ပါတယ်။
၄။ ရော်ဘတ်တို ဒီဇာဘီ
ဘရိုက်တန် နည်းပြဟောင်း ရော်ဘတ်တို ဒီဇာဘီဟာ မာဆေးလ် ကနေ ထွက်ခွာလာပြီးနောက် လက်ရှိမှာ အသင်း လက်မဲ့ ဖြစ်နေပါတယ်။ တိုက်စစ် ကစားတတ်ပြီး နည်းဗျူဟာပိုင်း ထက်မြက်တဲ့ ဒီဇာဘီဟာ ရေတိုတင်မကဘဲ ရေရှည် အတွက်ပါ စပါး အတွက် အားကိုးရမယ့်သူပါ။ ဒါပေမယ့် သူ့ရဲ့ ရှုပ်ထွေးတဲ့ ကစားကွက်တွေကို ကစားသမားတွေ နားလည်ဖို့ အချိန်ယူရမှာ ဖြစ်လို့ အခုလို တန်းဆင်းဇုန် ကနေ ရုန်းထွက်ဖို့ အသည်းအသန် ရုန်းကန်နေရချိန်မှာ အချိန်မလောက်ငှမှာ ကိုတော့ စိုးရိမ်စရာ ရှိပါတယ်။
၅။ မော်ရူစီယို ပိုချက်တီနို
စပါး ပရိသတ်တွေရဲ့ အချစ်တော် နည်းပြ မော်ရူစီယို ပိုချက်တီနိုက လက်ရှိမှာ အမေရိကန် လက်ရွေးစင် အသင်းကို တာဝန်ယူနေပါတယ်။ သူ့ကို ပြန်လည် ခေါ်ယူဖို့ သတင်းတွေ အမြဲထွက်နေပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် စပါးဆီ ချက်ချင်း ပြန်လာဖို့ ကတော့ အခွင့်အလမ်း နည်းပါတယ်။ ဒါပေမယ့် အသင်းအကျပ်အတည်း ဆိုက်နေချိန်မှာ သူ့ရဲ့ အတိတ်က အောင်မြင်မှုတွေကြောင့် ပရိသတ်တွေ ကတော့ ပိုချက်တီနို ကိုသာ အလိုရှိနေကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


