ဒီကနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် မှာတော့ နယူးကာဆယ်က အာဆင်နယ်ကို ၂-၀ ရလဒ်နဲ့ပဲ ထပ်မံ အနိုင်ရသွားခဲ့ပါတယ်။ အာဆင်နယ်တို့ ပထမအကျော့တုန်းက ရလဒ်ကို ချေဖျက်ဖို့ ကြိုးစားခဲ့ပေမယ့် တစ်သင်းလုံး အမှားတွေ များခဲ့ခြင်းနဲ့ အတူ အဝေးကွင်း မှာလည်း ထပ်မံ ရှုံးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခွာသွားခဲ့ရတာ ဖြစ်ပါတယ်။
ဒီနေ့ ပွဲမှာ အိမ်ရှင် နယူးကာဆယ်က ၅-၄-၁ အခင်းအကျင်းနဲ့ အတူ ဒူဗရက်ဗ်ကာ၊ ရှား၊ ဘော့တ်မန်း၊ ဘန်း၊ ထရစ်ပီယာ၊ ဟောလ်၊ မာဖီ၊ ဂီမာရေးစ်၊ တိုနာလီ၊ ဂေါ်ဒွန်၊ အိဆက်ခ် တို့ ပါဝင်တဲ့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်ခဲ့ပါတယ်။ အာဆင်နယ် ကလည်း မန်စီးတီးကို ၅-၁ ရလဒ်နဲ့ ချေမှုန်းနိုင်ခဲ့တဲ့ လူစာရင်း ကိုပဲ ပြန်လည် အသုံးပြုလာခဲ့ပြီး ပြောင်းပြန်လှန်နိုင်မယ့် ရလဒ် တစ်ခုကို မျှော်လင့်ခဲ့တာပါ။ အာဆင်နယ်က ထုံးစံ အတိုင်း High Pressing နဲ့ ကစားခဲ့ပြီး နယူးကာဆယ် ကတော့ ခံစစ်ကို ကျစ်ကျစ်လျစ်လျစ် ကစားပြီး လျင်မြန်တဲ့ တန်ပြန်တွေနဲ့ ကစားသွားခဲ့ပါတယ်။ လီဝစ် စကယ်လီနဲ့ နွမ်နရီ တို့ လူငယ် ကစားသမား နှစ်ဦးက လွဲလို့ ကျန် ကစားသမားတွေ အားလုံး ပုံမှန် ခြေစွမ်းအောက်မှာ ရောက်နေခဲ့ပြီး ဂိုးသမား ရာယာ ကလည်း အမှားတွေ လုပ်ခဲ့ပါတယ်။
![နယူးကာဆယ်က ခရာဘောင်ဖလား ဗိုလ်လုပွဲ မှာတော့ လစ်ဗာပူးလ် သို့မဟုတ် စပါးနဲ့ ထိပ်တိုက် ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။](https://olahragamania.com/wp-content/uploads/2025/02/Newcastle-Anthony-Gordon-celebrates-vs-Arsenal-EFL-Cup-2.jpg)
ဆလီဘာနဲ့ ဂါဘရီရယ် အတွဲအဖက်က နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို မထိန်းနိုင်ခဲ့ပါဘူး။ အိဆက်ခ်က ပွဲချိန် အစောပိုင်းမှာ တန်ပြန် တိုက်စစ် ကနေ အမှားအယွင်း မရှိ အဆုံးသတ်ကာ ဦးဆောင်ဂိုး သွင်းယူသွားခဲ့ပေမယ့် လူကျွံနေတာကြောင့် ပယ်ဖျက်ခဲ့လို့ အာဆင်နယ်တို့ ကံကောင်းခဲ့ရပါတယ်။ အဲဒီနောက် ပွဲချိန် မိနစ် ၂၀ မှာ အာဆင်နယ် နောက်ခံလူတွေရဲ့ အမှား ကနေ ဂေါ်ဒွန် ခင်းပေးရာ ကနေ အိဆက်ခ် ဆွဲပြေး ကန်သွင်းပြီး တိုင်ထိ ထွက်လာတာကို မာဖီက ပိတ်သွင်းသွားခဲ့လို့ နယူးကာဆယ်တို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဒုတိယပိုင်း မှာလည်း အာဆင်နယ် ဂိုးသမား ရာယာနဲ့ နောက်ခံလူတွေရဲ့ လူပေးပုံ အမှား ကနေ ဂေါ်ဒွန်က အခွင့်ကောင်း ယူနိုင်ခဲ့တာကြောင့် နယူးကာဆယ်တို့ ဒုတိယဂိုး ရခဲ့ပြန်ပါတယ်။
လက်ကျန် မိနစ်တွေမှာ အာဆင်နယ်က ချေပဂိုးတွေ ရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့် အရာမထင်ခဲ့ပဲ ၂-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒါကြောင့် နယူးကာဆယ်က နှစ်ကျော့ပေါင်း ၄-၀ ရလဒ်နဲ့ အတူ ထိုက်ထိုက်တန်တန်ပဲ ခရာဘောင်ဖလား ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အာဆင်နယ် ကစားသမားတွေကို ကြည့်ရတာ ပွဲပန်းနေပုံပေါ်ပြီး ဇန်နဝါရီ ဈေးကွက်မှာ ကစားသမားသစ် ခေါ်ယူ အားမဖြည့်နိုင်ခဲ့ခြင်းရဲ့ အကျိုးဆက်တွေ စတင် ခံစားရပြီလို့ပဲ ဆိုရပါမယ်။ ဒါ့အပြင် မာတင်နယ်လီ ကလည်း Hamstring Injury ရသွားတာကြောင့် လာမယ့် ပွဲတွေက အာဆင်နယ် အတွက် ပိုပြီး ခက်ခဲရတော့မှာပါ။
အနိုင်ရရှိခဲ့တဲ့ နယူးကာဆယ် ကတော့ သူတို့ အလုပ်ကို သူတို့ အကောင်းဆုံး လုပ်သွားခဲ့တာ ဖြစ်ပြီး ခရာဘောင်ဖလား ဗိုလ်လုပွဲနဲ့ လုံးဝ ထိုက်တန်ခဲ့ပါတယ်။ နယူးကာဆယ်က ခရာဘောင်ဖလား ဗိုလ်လုပွဲ မှာတော့ လစ်ဗာပူးလ် သို့မဟုတ် စပါးနဲ့ ထိပ်တိုက် ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။ အာဆင်နယ် ကတော့ ဒီရာသီ အတွက် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် တို့ကိုသာ အာရုံစိုက်ရတော့မှာ ဖြစ်ပြီး ဒီလူစာရင်းနဲ့ ဆိုရင်တော့ သေချာပေါက် ဆုဖလားတွေနဲ့ ဝေးကွာရဖို့ များနေပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.