အာဆင်နယ် ကတော့ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးရာသီ ကတည်းက တည်ရှိခဲ့တဲ့ စံချိန်ဟောင်း တစ်ခုကို ချိုးဖျက်ပြီး Set-Piece ဘုရင်တွေ အဖြစ် မှတ်တမ်းသစ် ရေးထိုးလိုက်ပါတယ်။ မီခဲလ် အာတေးတားရဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် စတင် တည်ထောင်ချိန်က စလို့ ၃၂ နှစ်ကြာ တည်ရှိခဲ့တဲ့ စံချိန်တစ်ခုကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကတော့ Set-piece တွေ ကနေ ဂိုးရယူနိုင်စွမ်းပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ညက အမ်းမရိတ်စ်ကွင်းမှာ နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်ရဲ့ တည်ကန်ဘော စွမ်းရည်ဟာ အသင်း အတွက် ဘယ်လောက် အရေးပါတယ် ဆိုတာကို ထပ်မံ သက်သေပြခဲ့ပါတယ်။ အီဘာရီချီ အက်ဇေးရဲ့ ထောင့်ကန်ဘောက တဆင့် သွင်းယူခဲ့တဲ့ ဂိုးဟာ အာဆင်နယ် အတွက် ၂၀၂၅-၂၆ ရာသီအတွင်း ထောင့်ကန်ဘော ကနေ ရရှိတဲ့ ၁၇ ဂိုးမြောက်ဂိုး ဖြစ်လာပါတယ်။ ဒီဂိုးဟာ အာဆင်နယ်ကို မန်စီးတီးရဲ့ အထက် ဇယားထိပ်ဆုံးကို ပြန်လည် ရောက်ရှိစေခဲ့ရုံတင် မကဘဲ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် စံချိန်သစ် တစ်ခု ကိုပါ တင်နိုင်ခဲ့တာပါ။
သမိုင်းဝင်စံချိန်ဟောင်း

၁၉၉၂-၁၉၉၃ ပရီးမီးယားလိဂ် ပထမဆုံးရာသီမှာ အိုးလ်ဟမ်း အသင်းဟာ ထောင့်ကန်ဘော ကနေ ၁၆ ဂိုး အထိ သွင်းယူပြီး စံချိန်တင်ခဲ့ပါတယ်။ အဲဒီစံချိန်ကို ၂၀၁၆-၁၇ မှာ ဝက်စ်ဘရွန်းက တစ်ကြိမ်၊ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ အာဆင်နယ် အသင်း ကိုယ်တိုင်က တစ်ကြိမ် လိုက်မှီခဲ့ဖူးပေမယ့် အခု ၂၀၂၅-၂၀၂၆ ရာသီ မှာတော့ အာဆင်နယ်ဟာ ၁၇ ဂိုး အထိ သွင်းယူပြီး စံချိန်ကို တစ်ဦးတည်း ပိုင်ဆိုင်သွားခဲ့တာပါ။ လက်ရှိ မှာလည်း ကစားဖို့ ၄ ပွဲ ကျန်သေးတာကြောင့် ဒီအရေအတွက်ဟာ ထပ်တိုးလာဖို့ ရှိနေပါတယ်။
ပရီးမီးယားလိဂ် ရာသီ တစ်ခု အတွင်း ထောင့်ကန်ဘော ကနေ ဂိုးအများဆုံး သွင်းတဲ့ အသင်းများ
- ၁၇ ဂိုး – အာဆင်နယ် (၂၀၂၅-၂၆) လက်ရှိ
- ၁၆ ဂိုး – အာဆင်နယ် (၂၀၂၃-၂၄)၊ ဝက်စ်ဘရွန်း (၂၀၁၆-၂၀၁၇)၊ အိုးလ်ဟမ်း (၁၉၉၂-၁၉၉၃)
- ၁၅ ဂိုး – လစ်ဗာပူးလ် (၂၀၂၁-၂၀၂၂)၊ မန်စီးတီး (၂၀၂၁-၂၀၂၂/ ၂၀၁၁-၂၀၁၂/ ၂၀၀၉-၂၀၁၀)၊ ယူနိုက်တက် (၂၀၁၂-၂၀၁၃/ ၂၀၀၇-၂၀၀၈)၊ စပါး (၂၀၂၅-၂၀၂၆) လက်ရှိ
ဝေဖန်မှုတွေနဲ့ လက်တွေ့ အောင်မြင်မှု
အာဆင်နယ်ဟာ Set-piece အပေါ် အလွန်အကျွံ အားကိုးလွန်းတယ်။ ဒါကြောင့် သူတို့ရဲ့ ကစားဟန်က ခန့်မှန်းရလွယ်ပြီး ရိုးအီနေတယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။ ဒါပေမယ့် သမိုင်းတစ်လျှောက် ကြည့်မယ် ဆိုရင် မန်စီးတီး၊ လစ်ဗာပူးလ်နဲ့ ယူနိုက်တက် တို့လို ထိပ်တန်း အသင်းကြီးတွေ ဟာလည်း သူတို့ရဲ့ အောင်မြင်မှုတွေမှာ Set-piece ကို အဓိက လက်နက် တစ်ခု အဖြစ် အသုံးပြုခဲ့ကြတာကို တွေ့ရမှာပါ။
ဂိုးသွင်းရှင်များ
အာဆင်နယ်ရဲ့ ထောင့်ကန်ဘော ၁၇ ဂိုးကို ကစားသမား အများအပြားက ခွဲဝေ သွင်းယူထားကြပါတယ်။ ဂျူရီယန် တင်ဘာ ၃ ဂိုး (ထောင့်ကန်ဘော ကနေ တိုက်ရိုက် အများဆုံး)၊ ဂါဘရီယယ် မက်ဂါဟေးစ်၊ မီခဲလ် မာရင်နို၊ မာတင် ဇူဘီမန်ဒီ (၂ ဂိုးစီ)၊ ပြိုင်ဘက် အသင်းသားတွေရဲ့ OG (ကိုယ့်ဂိုးကိုယ်သွင်းခြင်း) ၂ ဂိုး တို့ ဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ ဒီစွမ်းဆောင်ရည်ဟာ တိုက်ဆိုင်မှု မဟုတ်ဘဲ အသင်း နည်းပြအဖွဲ့ရဲ့ စနစ်တကျ လေ့ကျင့်ပေးမှုနဲ့ ကစားသမားသစ်တွေကို သေချာ ရွေးချယ် ခေါ်ယူခဲ့မှုရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ အာဆင်နယ် အနေနဲ့ အခုလို စံချိန်သစ် တစ်ခု တင်နိုင်ခဲ့ပေမယ့် သူတို့ရဲ့ အဓိက ရည်မှန်းချက် ဖြစ်တဲ့ ပရီးမီးယားလိဂ် ဖလား ကိုသာ မရရှိခဲ့ရင် ဒီစံချိန်ဟာ ဘာမှ အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး ဆိုတာ ကိုလည်း သူတို့ ကောင်းကောင်း သဘောပေါက်ထားကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


