ချဲလ်ဆီး ကတော့ ညက ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ရက်စ်ဟမ်းကို အချိန်ပိုအထိ ကစားပြီးမှ ခက်ခက်ခဲခဲ ကျော်ဖြတ်ကာ ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ၁၀ ယောက်ကျန် ရက်စ်ဟမ်းကို အလက်ဟန်ဒရို ဂါနာချို၊ ယာအို ပက်ဒရို တို့ရဲ့ အချိန်ပိုဂိုးတွေ အပါအဝင် ၄-၂ နဲ့ အနိုင်ရကာ ပြိုင်ပွဲ ကနေ ထွက်ခွာရမယ့် အခြေအနေကို ရှောင်လွှဲနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရက်စ်ဟမ်းဟာ ချဲလ်ဆီးကို တစ်ပွဲလုံး အကြိတ်အနယ် ယှဉ်ကစားနိုင်ခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ၉၃ မိနစ်မှာ ဂျော့ဒေါ့ဘ်ဆင် အနီကတ်နဲ့ ထုတ်ပယ်ခံလိုက်ရခြင်းက သူတို့ အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်သွားခဲ့ပါတယ်။
ပွဲစဉ်အကျဉ်း
ချန်ပီယံရှစ် ကလပ် ရက်စ်ဟမ်းဟာ ပွဲချိန် ၁၇ မိနစ်မှာတင်ပဲ ဦးဆောင်ဂိုး စတင် ရရှိခဲ့ပါတယ်။ ကယ်လန် ဒွိုင်းလ်ရဲ့ အဝေးဘော ကန်တင်ပေးပို့မှုကို ဆမ်စမစ်က တစ်ချက်ထိန်းကာ ချဲလ်ဆီး ဂိုးသမား ရောဘတ် ဆန်းချက်ဇ်ရဲ့ တုံ့ဆိုင်းမှုကို အခွင့်ကောင်းယူကာ အပိုင် ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးက ပွဲကို စိုးမိုးထားပေမယ့်လည်း ရက်စ်ဟမ်းရဲ့ တုန့်ပြန်မှုကြောင့် ရုန်းကန်ခဲ့ရပြီး ပထမပိုင်း ပြီးခါနီး ၅ မိနစ် အလိုမှ ကံကောင်းထောက်မစွာ ချေပဂိုး ရရှိခဲ့ပါတယ်။ ဂါနာချိုရဲ့ ကန်ချက်ကို ရက်စ်ဟမ်း နောက်ခံလူ ဂျော့ သော်မဆင်က ဖျတ်ထုတ်ရာမှ ဂိုးသမား အာသာ အိုကွန်ကဝိုကို ထိပြီး ဂိုးထဲ ဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးတို့ ဖိအားပေး ကစားခဲ့ပေမယ့် ၇၈ မိနစ်မှာ ရက်စ်ဟမ်း ကပဲ ဒုတိယဂိုး ထပ်မံ ရရှိသွားခဲ့ပါတယ်။ ဂျော့ရှ် ဝင်းဒက်စ်ရဲ့ ကန်ချက်ကို ကယ်လန် ဒွိုင်းလ်က ပါးပါးလေး လှည့်ကန်ကာ ဆန်းချက်ဇ်ကို ကျော်ဖြတ်ပြီး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်းလည်း လီယမ် ရိုစီနီယာရဲ အသင်းက ၄ မိနစ် အကြာမှာပဲ ဂျော့ရှ် အာချင်မ်ပေါင်ရဲ့ အပြင်းကန်ချက်နဲ့ အဖိုးတန် ချေပဂိုး ပြန်လည် ရရှိခဲ့ပါတယ်။
ပွဲချိန် နောက်ဆုံး မိနစ်တွေမှာ ရက်စ်ဟမ်းက ဒေါ့ဘ်ဆင်ဟာ ဂါနာချိုကို ကြမ်းတမ်းစွာ ဖျတ်ထုတ်ခဲ့တာကြောင့် VAR ပြန်လည် ကြည့်ရှုပြီးနောက် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ချဲလ်ဆီး ကတော့ လူအင်အား အသာရနေမှုကို အသုံးချကာ အချိန်ပို ၆ မိနစ်မှာ ဒါရီယို အက်စ်ဆူဂိုရဲ့ ဖြတ်တင်ဘော ကနေ တဆင့် ဂါနာချိုက Volley ကန်သွင်းကာ ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။ ပွဲချိန် ၁၁၄ မိနစ် မှာတော့ ရက်စ်ဟမ်းတို့ ချေပဂိုး ပြန်လည် ရရှိခဲ့ပေမယ့်လည်း လူကျွံဘော အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အဲဒီနေနောက် ပွဲချိန် ၁၂၅ မိနစ်မှာ ယာအို ပက်ဒရိုက ချဲလ်ဆီး အတွက် စတုတ္ထမြောက်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် ၂-၄ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
ချဲလ်ဆီးဟာ ၂၀၁၅ ခုနှစ်က ဘရက်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အဆင့်နိမ့် လိဂ်အသင်းတွေနဲ့ တွေ့ဆုံခဲ့တဲ့ အက်ဖ်အေဖလား ၂၅ ပွဲ ဆက်တိုက် အနိုင်ရကာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ခြေစွမ်းပိုင်းအရ ကြည့်မယ် ဆိုရင် ဒီနေ့ပွဲမှာ ရက်စ်ဟမ်းဟာ ဂိုးရရှိနိုင်ခြေ (xG) မှာ ၁.၈ နဲ့ ချဲလ်ဆီး ၁.၆၂ ထက် သာလွန်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီး ကစားသမားတွေရဲ့ တစ်ဦးချင်း အရည်အသွေး ကသာ ပွဲရလဒ်ကို အဆုံးအဖြတ်ပေးသွားခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနား ကြယ်ပွင့် ဂါနာချို ကတော့ ဒီရာသီတွင် ပြည်တွင်း ဖလား ပြိုင်ပွဲ ၇ ပွဲမှာ ၅ ဂိုး အထိ သွင်းယူထားနိုင်ပေမယ့်လည်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပွဲစုစုပေါင်း ၂၅ ပွဲ မှာတော့ ၂ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။
ဒီနေ့ပွဲမှာ ဟောလိဝုဒ် မင်းသား နှစ်ဦး ပိုင်ဆိုင်တဲ့ ရက်စ်ဟမ်း အသင်းရဲ့ နောက်ထပ် အံ့အားသင့်ဖွယ် ခြေစွမ်း ခြေစတွေကို ထပ်မံ မြင်တွေ့ခဲ့တယ်လို့ပဲ ဆိုရပါမယ်။ ရက်စ်ဟမ်းဟာ ချန်ပီယံရှစ် မှာလည်း အဟုန်ကောင်းနေသလို ပရီးမီးယားလိဂ်ဆီ လာဖို့ စိတ်အားထက်သန်နေတဲ့ အသင်းပါ။ နေးရှင်းလိဂ်မှာသည် အချိန်တိုတွင်း ပရီးမီးယားလိဂ်ဆီ ရောက်ဖို့ နီးစပ်နေတဲ့ အသင်းက ဒီနေ့ ပွဲမှာလည်း ဂုဏ်မငယ်ခဲ့ပါဘူး။ ချဲလ်ဆီးလို အသင်းကို ရင်ဘောင်တန်း ကစားနိုင်ခဲ့ပြီး အနီကတ် ပြသခံခဲ့ရတာ၊ လူအင်အား ကွာခြားတာနဲ့ တစ်ဦးချင်း စွမ်းဆောင်ရည် ကွာဟတာတွေ ကသာ ပွဲကို အဆုံးအဖြတ် ပေးခဲ့ရတာ ဖြစ်ပါတယ်။ မည်သို့ပင် ဆိုစေကာမူ အက်ဖ်အေဖလား ပဉ္စမအဆင့် အထိ အရောက်လှမ်းနိုင်ခဲ့တဲ့ ရက်စ်ဟမ်း ကိုတော့ ချီးကျူး ဂုဏ်ပြုသင့်တာ အသေအချာပါပဲ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


