ပီအက်စ်ဂျီ ကတော့ ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့မှာ ၁၀ ယောက်တည်း ကျန်တဲ့ မိုနာကိုနဲ့ ၂-၂ ဂိုးစီ သရေကျခဲ့ပေမယ့် နှစ်ကျော့ပေါင်း ရလဒ် ၅-၄ နဲ့ ၁၆ သင်း အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။ လူးဝစ္စ အန်နရီကေးရဲ့ အသင်းဟာ ဒီရာသီမှာ ခြေစွမ်း သိသိသာသာ ကျဆင်းသွားပြီး အခု ဒီပွဲမှာလည်း မိုနာကို,ကို အသည်းအသန် ကစားခဲ့ရပြီးမှ နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပထမပိုင်း ပြီးခါနီးမှာ မိုနာကို ဘက်က အက်ခ်လီယူချီ အဖွင့်ဂိုး သွင်းယူပြီး နှစ်ကျော့ပေါင်း ရလဒ်ကို သရေဖြစ်အောင် လုပ်နိုင်ခဲ့တာကြောင့် ပီအက်ဂျီ ပရိသတ်တွေ ရင်ထိတ်ခဲ့ရပါတယ်။ ဒါပေမယ့် မိုနာကို ကစားသမား မာမာဒူ ကူလီဘာလီ အနီကတ် ပြသခံရပြီးနောက်မှာတော့ ပွဲရဲ့ ချိန်ခွင်လျှာက ပီအက်စ်ဂျီ ဘက်ကို ပြန်လည် ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်းချုပ်
ပွဲအစပိုင်းမှာ မိုနာကိုတို့ အခွင့်အရေးကောင်းတွေ ရခဲ့ပေမဲ့ ကူလီဘာလီရဲ့ ကန်ချက် ဂိုးဘားတန်းပေါ် ကျော်သွားခဲ့သလို သီလို ကီရာရဲ့ ခေါင်းတိုက်ချက် ကလည်း ဂိုးတိုင်ဘေး ကပ်ထွက်သွားခဲ့လို့ နစ်နခဲ့ရပါတယ်။ အဲဒီနောက် ပီအက်စ်ဂျီ တိုက်စစ်မှူး ဘရက်ဒ်လေ ဘာကိုလာရဲ့ ကန်ချက် ဂိုးတိုင်ထိထွက်သွားပြီး မကြာခင်မှာပဲ မိုနာကို အတွက် အက်ခလီယူချီက အနီးကပ် အဆုံးသတ်ပြီး ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်း မှာတော့ မိုနာကို ကစားသမား ကူလီဘာလီဟာ အချိန်ခဏ အတွင်း နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါဟာ ပီအက်စ်ဂျီ အတွက် ကြီးမားတဲ့ အခွင့်အရေး ဖြစ်သွားပြီး ပွဲချိန် မိနစ် ၆၀ မှာ ရရှိလာတဲ့ ပြစ်ဒဏ်ဘော ကနေ မာကွင်ညော့စ်က ချေပဂိုး သွင်းယူခဲ့ပါတယ်။ ပွဲချိန် ၆၆ မိနစ် မှာတော့ ဟာကီမီရဲ့ အဝေးကန်ချက်ကို မိုနာကို ဂိုးသမား ပုတ်ထုတ်ရာ ကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ခါဗရာစခီလီယာက အလျင်အမြန် ပိတ်သွင်းပြီး ပီအက်စ်ဂျီကို အသာစီးရစေခဲ့ပါတယ်။

နာကျင် အချိန်ပို ၉၁ မိနစ် အရောက် မှာတော့ မိုနာကို အတွက် ဂျော်ဒန် တီဇီ က တစ်ဂိုး ပြန်သွင်းခဲ့လို့ ပွဲက ပြန်လည် အသက်ဝင်လာပါတယ်။ ပွဲပြီးခါနီး ၉၅ မိနစ်မှာ မိုနာကို နောက်ခံလူ ဝေါ့ဖေးစ်ရဲ့ ခေါင်းတိုက်ချက် ဂိုးတိုင်ဘေး ကနေ သီသီလေး ကပ်ထွက်သွားခဲ့လို့သာ ပီအက်စ်ဂျီတို့ ကံကောင်းပြီး နောက်တစ်ဆင့် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
မိုနာကိုဟာ ပထမပိုင်းမှာ ပီအက်စ်ဂျီကို ခြေစွမ်း အသာနဲ့ ကစားခဲ့ပေမယ့် ကူလီဘာလီရဲ့ အနီကတ်က ပွဲရလဒ်ကို ပြောင်းလဲသွားစေခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ မိုနာကိုဟာ ချန်ပီယံလိဂ် သမိုင်းမှာ ရှုံးထွက်အဆင့် နှစ်ကျော့စလုံးမှာ အနီကတ် ပြသခံရတဲ့ ပထမဆုံးအကြိမ် ဖြစ်ခဲ့ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အနီကတ် စုစုပေါင်း ၃၃ ကတ် အထိ ရှိလာခဲ့ပြီ ဖြစ်ပြီး ဒါဟာ ပြိုင်ပွဲ သမိုင်းတစ်လျှောက် အများဆုံး စံချိန်လည်း ဖြစ်နေခဲ့ပါတယ်။ ခြေစွမ်းပိုင်း အရ ဆိုရင်တော့ ဒီနေ့ပွဲမှာ ပီအက်စ်ဂျီက ဂိုးရဖို့ ကြိုးစားမှု ၂၁ ကြိမ် မျှော်မှန်းဂိုး (xG) ၂.၁၃ ရှိခဲ့ပြီး မိုနာကို ကတော့ ၉ ကြိမ် မျှော်မှန်းဂိုး (xG) ၁.၁၆ သာ ရှိခဲ့ပါတယ်။ဒါပေမယ့်လည်း ပီအက်စ်ဂျီကို ကြည့်ရတာ တစ်ပွဲနဲ့ တစ်ပွဲ ခြေစွမ်း အတက်အကျ မညီဖြစ်နေပြီး လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်ကို ကာကွယ်ဖို့ အနိုင်နိုင် ကြိုးစားနေရတဲ့ ပုံပါပဲ။ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် မှာတော့ ဘာစီလိုနာ သို့မဟုတ် ချဲလ်ဆီးနဲ့ တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။ လက်ရှိ မတည်ငြိမ်တဲ့ ပုံစံကို မပြင်ဆင်နိုင်ရင်တော့ ပီအက်စ်ဂျီ အတွက် ၁၆ သင်း အဆင့်က နောက်ဆုံး ဖြစ်သွားနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


