ပီအက်စ်ဂျီ ကတော့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာ ချဲ့လ်ဆီးကို အသာစီးနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းသွားပါတယ်။ ပီအက်စ်ဂျီဟာ ဒုတိယအကျော့မှာ ၃-၀ နဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၈-၂ ဆိုတဲ့ ဂိုးပြတ် ရလဒ်နဲ့ အတူ နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ။ ပထမအကျော့ကတည်းက ၅-၂ နဲ့ အနိုင်ရထားတဲ့ ပီအက်စ်ဂျီဟာ ချဲလ်ဆီးရဲ့ အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ် မှာလည်း ပွဲချိန် အစောပိုင်း ကတည်းက ဂိုးတွေ သွင်းယူပြီး ပြိုင်ဘက်ရဲ့ အလှည့်အပြောင်းနဲ့ ဝိုးတဝါး မျှော်လင့်ချက်တွေကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ပထမအကျော့မှာတုန်းက လူစားဝင်ပြီး ၂ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးခဲ့တဲ့ ခါဗစ်ချာ ခါဗရာစခီလီယာက ဒီပွဲ မှာလည်း လီယမ် ရိုစီနီယာရဲ့ ချဲလ်ဆီးကို ကောင်းကောင်းကြီးကို ဒုက္ခပေးနိုင်ခဲ့ပြန်ပါတယ်။ ပွဲစလို့ ၆ မိနစ် မှာတင် ပီအက်စ်ဂျီ ဂိုးသမား မတ်ဗေး ဆာဖိုနော့ဗ်ရဲ့ အဝေးကန်တင် ပေးပို့မှုက တစ်ဆင့် ခါဗရာစခီလီယာက ချဲလ်ဆီး နောက်ခံလူ မာမာဒူ ဆားကို ကျော်ဖြတ်ကာ ဂိုးသမား ရောဘတ် ဆန်းချက်ဇ်ရဲ့ ဘေးကနေ လှလှပပ ကန်သွင်းကာ အဖွင့်ဂိုး ရယူခဲ့ပါတယ်။

အဲဒီနောက် ဂိုးရပြီး ၈ မိနစ် အကြာမှာပဲ ပီအက်စ်ဂျီတို့ ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ ကွင်းလယ်မှာ ဘောလုံး ကြားဖြတ်လုယူနိုင်ခဲ့ပြီးနောက် အာချက်ဖ် ဟာကီမီရဲ့ ဖန်တီးပေးမှု ကနေ တဆင့် ဘရက်ဒ်လေ ဘာကိုလာက အံ့အားသင့်ဖွယ် Volley ကန်ချက်နဲ့ ဂိုးရဲ့ ဘယ်ဘက် အပေါ်ထောင့်ထဲကို ကန်သွင်းခဲ့တာပါ။
ပွဲကစားချိန် နာရီဝက်ကျော်မှာ ခါဗရာစခီလီယာ နောက်ထပ် တစ်ဂိုး ထပ်သွင်းခဲ့ပေမယ့် လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။ ချဲလ်ဆီး ဘက်ကလည်း ယာအို ပက်ဒရို၊ မွိုက်ဆက်စ် ကိုင်စီဒိုနဲ့ ဂါနာချိုတို့ ဂိုးရဖို့ ကြိုးစားခဲ့ကြပေမယ့် ပီအက်စ်ဂျီ ဂိုးသမား ဆာဖိုနော့ဗ် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၆၂ မိနစ် မှာတော့ ဆန်နီ မာယူလူက တတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ ဟာကီမီ ဆီက လာတဲ့ဘောလုံးကို မာယူလူက နောက်ခံလူ နှစ်ယောက်ကြားကနေ ဂိုးသမား ဆန်းချက်ဇ် မတတ်နိုင်တဲ့ အနေအထားနဲ့ ကန်သွင်းပြီး ပီအက်စ်ဂျီကို အနိုင်သေချာစေခဲ့ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
ပီအက်စ်ဂျီဟာ ပထမအကျော့ ရလဒ်အရ ကွာတားဖိုင်နယ် တက်ဖို့ အပြည့်အဝ အားသာနေခဲ့ပေမယ့် နည်းပြ လူးဝစ္စ အန်နရီကေးက သူ့ အသင်းကို ပေါ့ပေါ့ဆဆ မကစားဖို့ သတိပေးထားခဲ့တာပါ။ တကယ်တမ်း ကစားချိန် မှာလည်း ပီအက်စ်ဂျီက ချဲလ်ဆီးကို ဘာမှလုပ်မရအောင် ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဂျော်ဂျီယာ တိုက်စစ် ကစားသမား ခါဗရာစီခီလီယာ သွင်းယူခဲ့တဲ့ အဖွင့်ဂိုးဟာ ချဲလ်ဆီးရဲ့ အိမ်ကွင်း ချန်ပီယံလိဂ် ရှုံးထွက် အဆင့်မှာ အစောဆုံး ပေးလိုက်ရတဲ့ ဂိုး အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ သူဟာ ပီအက်စ်ဂျီ အတွက် ကစားပေးတဲ့ ချန်ပီယံလိဂ် နောက်ဆုံး ၁၉ ပွဲမှာ ၁၆ ဂိုး (၁၀ ဂိုး သွင်း၊ ၆ ဂိုး ဖန်တီး) အထိ ပါဝင်ပတ်သက်ထားပါတယ်။
ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်မှာ ဆိုရင် ပရီးမီးယားလိဂ် အသင်းတွေ အပေါ် သိသိသာသာ အသာစီးရနေမှုကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဗိုလ်လုပွဲ တက်တဲ့ လမ်းကြောင်းမှာ ပြင်သစ် ကလပ်က လစ်ဗာပူးလ်၊ အက်စတွန်ဗီလာနဲ့ အာဆင်နယ် တို့ကို အနိုင်ယူခဲ့သလို အခု ချဲလ်ဆီး ကိုပါ ထပ်မံ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီက အင်္ဂလန် ကလပ်တွေကို ရှုံးထွက်အဆင့်မှာ ၄ ကြိမ် ဆက်တိုက် အနိုင်ယူထားနိုင်ပြီ ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ဒီနေ့ပွဲမှာ ကန်ချက် ၁၈ ကြိမ် (ဂိုးပေါက်တည့် ၉ ကြိမ်) အထိ ရှိခဲ့ပေမယ့် ဂိုးတစ်ဂိုးမှ မရခဲ့ပါဘူး။ ပီအက်စ်ဂျီ ကတော့ ကန်ချက် ၈ ကြိမ်တည်း ကနေ ၃ ဂိုးအထိ သွင်းယူကာ အခွင့်အရေးကို အသုံးချနိုင်စွမ်း ပိုကောင်းခဲ့ပါတယ်။ ချဲလ်ဆီးကို နှစ်ကျော့စလုံး အနိုင်ရခဲ့တဲ့ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မှာတော့ ဂါလာတာဆာရေး သို့မဟုတ် လစ်ဗာပူးလ်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


