ဒီကနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ နောက်ထပ် ချန်ပီယံလိဂ် ပွဲစဉ် တစ်ပွဲ မှာတော့ အာဆင်နယ်က အင်တာမီလန်ကို အဝေးကွင်းမှာ ၁-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အာဆင်နယ်က ချန်ပီယံလိဂ်မှာ ၇ ပွဲဆက် အနိုင်ရရှိခဲ့တဲ့ မှတ်တမ်းကို ပထမဦးဆုံး အကြိမ် ရေးထိုးနိုင်ခဲ့သလို ကစားဖို့ ၁ ပွဲ ကျန်နေသေးပေမယ့်လည်း ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်သွားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဒီပွဲမှာ အဓိက လူစာရင်းနဲ့ ပွဲထွက်လာခဲ့ခြင်း မရှိပေမယ့် ပွဲကို ထိရောက်တဲ့ ကစားပုံနဲ့ ချဉ်းကပ်နိုင်ခဲ့ပါတယ်။ အင်တာမီလန်လို ခံစစ်ကောင်းတဲ့ အသင်းကို အာဆင်နယ် တိုက်စစ်က ၃ ဂိုးအထိ သွင်းယူပြနိုင်ခဲ့တာ ဖြစ်ပြီး တစ်လ အတွင်း မတူညီတဲ့ ပြိုင်ပွဲတွေရဲ့ အဝေးကွင်း ပွဲစဉ် ၄ ပွဲ အထိ အနိုင်ရခဲ့တဲ့ ပထမဦးဆုံးသော ပရီးမီယားလိဂ် အသင်း ဖြစ်လာခဲ့ပါတယ်။ ဒီနေ့ပွဲမှာ နှစ်သင်းစလုံး ခြေရည်တူ ကစားနိုင်ခဲ့ကြပေမယ့် ဂျေဇုစ်၊ ထရော့ဆက်ဒ်၊ ဆာကာ တို့ရဲ့ တိုက်စစ်က လုပ်အားနှုန်း ကောင်းခဲ့သလို တော်တော်လေးလည်း ထက်မြတ်ခဲ့ပါတယ်။
အင်တာမီလန်က ဒီနေ့ပွဲမှာ ဂိုးပေါက် ကန်ချက် ၁၈ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး အာဆင်နယ် ကတော့ ၁၇ ကြိမ် ရှိခဲ့ပါတယ်။ ဂိုးပေါက်တည့်မှု မှာတော့ အာဆင်နယ်က အနည်းငယ် ပိုသာခဲ့ပြီး ဦးဆောင်ဂိုး ကိုတော့ ဂျေဇုစ်က ၁၀ မိနစ်မှာ စတင် သွင်းယူခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆူဆစ်က အင်တာမီလန် အတွက် ပြန်လည် ချေပခဲ့သလို ပွဲချိန် ၃၁ မိနစ် မှာတော့ ဂျေဇုစ်က အာဆင်နယ် အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြန်ပါတယ်။
ပထမပိုင်း အပြီးမှာ အာဆင်နယ်တို့ ၂-၁ နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်း မှာလည်း ဂိုးတွေ ထပ်ရဖို့ နှစ်သင်းစလုံး အားစိုက်ခဲ့ပေမယ့် ဂိုးထပ်ရခဲ့တာက အာဆင်နယ် ဖြစ်ပါတယ်။ အာဆင်နယ် အတွက် အနိုင်သေချာစေမယ့် ဂိုးကိုတော့ ပွဲချိန် ၈၄ မိနစ်မှာ လူစားဝင် တိုက်စစ်မှူး ဗစ်တာ ယောကရက်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ပွဲအပြီးမှာတော့ ဂန်းနားတို့ ၁-၃ ရလဒ်နဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ၂ ဂိုး သွင်းနိုင်ခဲ့တဲ့ ဂါဘရီရယ် ဂျေဇုစ် ကတော့ ချန်ပီယံလိဂ်မှာ ၁၀ ပွဲဆက် ဂိုးပေါက် ပျောက်နေတဲ့ မှတ်တမ်းဆိုးကို အဆုံးသတ်ခဲ့ပြီးတော့ သူ့ အတွက် ချန်ပီယံလိဂ် ပွဲပေါင်း ၅၃ ပွဲမှာ ၂၅ ဂိုးမြောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာ ဂျေဇုစ်ထက် ပွဲအရေအတွက် အနည်းဆုံးနဲ့ ၂၅ ဂိုး သွင်းခဲ့တဲ့ ဘရာဇီးလ် ကစားသမားတွေ ဆိုလို့ နေမာ (၄၄ ပွဲ)နဲ့ ဂျာဒဲလ် (၄၅ ပွဲ) တို့သာ ရှိတော့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျေဇုစ်က ချန်ပီယံလိဂ်မှာ အာဆင်နယ် အတွက် သွင်းဂိုး ပါဝင်ပတ်သက်မှု ၁၀ ကြိမ် (၆ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၄ ကြိမ်) အထိ ရှိလာပြီး ပွဲအရေအတွက် အနည်းဆုံးနဲ့ သွင်းဂိုး ပါဝင်ပတ်သက်မှု ၁၀ ဂိုး ရှိခဲ့တဲ့ အာဆင်နယ် ကစားသမား ဆိုလို့ အာရှာဗင် (၈ ပွဲ)၊ အလက်ဆစ် ဆန်းချက်ဇ် (၁၂ ပွဲ)၊ ဆာကာ (၁၃ ပွဲ) တို့သာ ရှိပါတယ်။
အာဆင်နယ်က အခုပွဲမှာလည်း Set Piece ကနေ ဂိုးသွင်းနိုင်ခဲ့ပြီး ဒါဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီး ကနေ လက်ရှိအချိန်ထိ ဂန်းနားတွေ အနေနဲ့ ထောင့်ကန်ဘောတွေက တဆင့် သွင်းယူခဲ့တဲ့ ဂိုးအရေအတွက် ကလည်း ၁၉ ဂိုး အထိ ရှိလာတာကြောင့် ဒါက ဥရောပ ထိပ်သီးလိဂ် ၅ ခုမှာ အများဆုံး ဖြစ်ပါတယ်။
ဒီပွဲကို ကြည့်မယ် ဆိုရင် အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်း စွမ်းဆောင်ရည်က ထိပ်တန်း အဆင့်မှာ ရှိနေဆဲ ဖြစ်ပြီး အခုလို အင်တာမီလန်လို ခံစစ် ကျစ်လျစ်တဲ့ အသင်းကို အနိုင်ယူပြလိုက်တာကြောင့် ဒီရာသီ ဆုဖလားတွေနဲ့ အာဆင်နယ်ကို ပြန်လည် မြင်တွေ့ဖို နီးစပ်နေပြီ ဆိုပြီး ဟောကိန်းထုတ်မှုတွေလည်း ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ လက်ရှိမှာ ချန်ပီယံလိဂ် လိဂ် အဆင့် အဆင့် ၁ နေရာမှာ ဆက်လက် ရပ်တည်နေပြီး ဒုတိယနေရာက ရီးရဲလ်မက်ဒရစ်ကို ၆ မှတ် အထိ ဖြတ်တောက်ထားနိုင်တာကြောင့် ရှုံးထွက်အဆင့်ကို စောစောစီးစီး တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အဖြစ် ချန်ပီယံလိဂ်မှာ ၇ ပွဲ ဆက်တိုက် အနိုင်ရခဲ့ပြီး မန်စီးတီး (၁၀ ပွဲ၊ ၂၀၂၄) နောက်ပိုင်း ချန်ပီယံလိဂ်မှာ နိုင်ပွဲဆက်မှု အများဆုံး အင်္ဂလိပ် ကလပ် အဖြစ် ရပ်တည်နေပါတယ်။ အာဆင်နယ် အနေနဲ့ ကိုင်ရတ် အဲလ်မာတေးနဲ့ လက်ကျန်ပွဲ မှာသာ အနိုင်ရခဲ့မယ် ဆိုရင်တော့ ပုံစံသစ်နဲ့ ကျင်းပတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရာနှုန်းပြည့် အနိုင်မှတ်တမ်းနဲ့ အမှတ် အများဆုံး ရရှိပြီး ရှုံးထွက် ၁၆ သင်း အဆင့် တက်လှမ်းနိုင်တဲ့ ပထမဦးဆုံး ကလပ် ဖြစ်လာတော့မှာပါ။
အင်တာမီလန် ကတော့ ၂၀၁၁ စက်တင်ဘာနောက်ပိုင်း ပထမဆုံးအဖြစ် ချန်ပီယံလိဂ် ၃ ပွဲ ဆက်တိုက် ရှုံးပွဲ တွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ချီဗူးဟာ ၂၀၁၁ ခုနှစ်တုန်းက အင်တာမီလန် ကစားသမား ဖြစ်ခဲ့သလို အခု နည်းပြ ဘဝ မှာလည်း ချန်ပီယံလိဂ် ၃ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


