ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်ရဲ့ ပြင်သစ် တောင်ပံ တိုက်စစ် ကြယ်ပွင့် မိုက်ကယ် အိုလီဆေး ကိုတော့ ရီးရဲလ်မက်ဒရစ်က ခေါ်ယူချင်နေကြောင်း တောက်လျောက် သတင်းတွေ ထွက်နေတာပါ။ ဒီလို ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ သတင်းတွေ ကိုတော့ ဘေယန်မြူးနစ် အားကစား ဒါရိုက်တာ ခရစ္စတော့ဖ် ဖရိုအန်းက ခပ်မြန်မြန်ပဲ ငြင်းဆန် ပယ်ချလိုက်ပါတယ်။
အသက် ၂၄ နှစ်အရွယ် အိုလီဆေးဟာ နည်းပြ ဗင်းန်ဆင့် ကွန်ပနီရဲ့ ဘေယန်မြူးနစ်မှာ ၂၀၂၅-၂၆ ရာသီတုန်းက ခြေစွမ်းပြ ကစားခဲ့ပြီးနောက် အပြောင်းအရွှေ့ ဈေးကွက်မှာ သတင်းတွေ အဟော့ဆုံး ဖြစ်နေခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့ရာသီ ဘွန်ဒက်စ်လီဂါ အပါအဝင် ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၂၂ ဂိုးသွင်း၊ ၂၆ ဂိုး ဖန်တီးပေးခဲ့တာကြောင့် စုစုပေါင်း ဂိုးပါဝင် ပတ်သက်မှု ၄၈ ကြိမ် အထိ ရှိခဲ့ပါတယ်။ ဒါဟာ ဥရောပထိပ်သီး လိဂ် ၅ ခုမှာ အသင်းဖော် ဟယ်ရီကိန်း (၆၈ ကြိမ်) ရဲ့နောက် ဒုတိယမြောက် အများဆုံး မှတ်တမ်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဂိုးဖန်တီးနိုင်စွမ်း ရှိတဲ့ အခွင့်အရေး ဖန်တီးပေးမှု မှာလည်း မန်ချက်စတာယူနိုက်တက်က ဘရူနို ဖာနန်ဒက်စ် (၁၄၂ ကြိမ်) ပြီးရင် အိုလီဆေး (၁၂၃ ကြိမ်) က ဒုတိယမြောက် အများဆုံး ဖြစ်ခဲ့တာကြောင့် ဥရောပ အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို အကြီးအကျယ် ရရှိခဲ့တာပါ။
အထူးသဖြင့် နှစ်ရာသီ ဆက်တိုက် ဆုဖလား လက်မဲ့ ဖြစ်ခဲ့ရပြီး နည်းပြ ဟိုဆေး မော်ရင်ညိုကို ဒုတိယအကြိမ် ပြန်လည် ခန့်အပ်လိုက်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းက အိုလီဆေးကို ခေါ်ယူဖို့ အပြင်းအထန် သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် မကြာသေးမီကပဲ ရီးရဲလ်မက်ဒရစ် ဘက်က အိုလီဆေး အရေးနဲ့ ပတ်သက်ပြီး ဘေယန်နဲ့ ဘာအဆက်အသွယ်မှ မလုပ်ရသေးပါဘူးလို့ တရားဝင် ထုတ်ပြန်ခဲ့သလို၊ ဖရိုအန်း ကလည်း အခြေအနေနဲ့ ပတ်သက်ပြီး အခုလို အတည်ပြု ပြောကြားခဲ့ပါတယ်။

“ဒါဟာ ကျွန်တော်တို့ အတွက် လုံးဝ ဆွေးနွေးစရာ အကြောင်းအရာ မဟုတ်ပါဘူး။ မိုက်ကယ် အိုလီဆေး အားလပ်ရက် ကနေ အသင်းဆီ ပြန်ရောက်လာတာကို ကျွန်တော်တို့ အရမ်းဝမ်းသာပါတယ်။ ပြီးခဲ့တဲ့နှစ်ကလိုပဲ ဒီရာသီ မှာလည်း သူဟာ ဘေယန်မြူးနစ်ရဲ့ အရေးပါတဲ့ ကစားသမား တစ်ဦး အဖြစ် ဆက်လက် ရှိနေမှာပါ။” လို့ ဂျာမန် တတိယတန်း ကလပ် ဝီဟန်း ဝီးစ်ဘာဒန်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲ အပြီးမှာ ဖရိုအန်းက သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အိုလီဆေးဟာ ပြီးခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ရာသီမှာ ၁၅ ဂိုး သွင်း၊ ၁၉ ဂိုး ဖန်တီးပေးခဲ့ပြီး၊ ဒါဟာ ၂၀၀၄-၀၅ ရာသီက စလို့ တောင်ပံ ကစားသမား တစ်ဦးရဲ့ အများဆုံး ဂိုးဖန်တီးမှု စံချိန်သစ်လည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ပြင်သစ် အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် အထိ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပြိုင်ပွဲ တစ်ခုတည်းမှာ ဂိုးဖန်တီးမှု ၇ ကြိမ် အထိ ပြုလုပ်ကာ ၁၉၆၆ နောက်ပိုင်း ကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်ခုတည်းမှာ ဂိုးဖန်တီးမှု အများဆုံး ကစားသမား အဖြစ် သမိုင်းဝင်ခဲ့ပါတယ်။
တစ်ဖက် မှာတော့ ရီးရဲလ် ဥက္ကဋ္ဌ ဖလောရန်တီနို ပီရက်ဇ်ဟာ ရွေးကောက်ပွဲ မနိုင်မီကတည်းက စူပါစတား ‘ကြယ်စင်စု’ ကစားသမား တစ်ဦးကို ပြောင်းရွှေ့ကြေး အမြောက်အမြား သုံးပြီး ခေါ်ယူမယ်လို့ ကတိပေးခဲ့သလို၊ အခုအချိန်မှာလည်း အီဘရာဟီမာ ကိုနာတေး၊ ဘာနာဒို ဆေးလ်ဗား တို့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီး အင်တာမီလန်က ဒန်ဇဲလ် ဒမ်းဖရီးစ်နဲ့ ချဲလ်ဆီးက မာ့ခ် ကူကူရယ်လာ တို့ကိုလည်း ခေါ်ယူထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ပီရက်ဇ်ရဲ့ ကြေးကြီးပေး ခေါ်ယူမယ့် ကတိကဝတ်က မပြီးသေးဘဲ လိုက်ပ်ဇစ်က အိုင်ဗရီကို့စ် ကြယ်ပွင့် ယန် ဒီယိုမန်ဒီ အတွက် ယူရို သန်း ၁၀၀ နဲ့ ကမ်းလှမ်းခဲ့တာကို ပယ်ချခံခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီယိုမန်ဒီကို ပီအက်စ်ဂျီနဲ့ လစ်ဗာပူးလ်တို့ ကလည်း စိတ်ဝင်စားနေကြတာပါ။
ဒီလို သတင်းတွေနဲ့ အတူ စပိန်မြေမှာ ဘရာဇီးလ် တောင်ပံ တိုက်စစ် ကစားသမား ဗင်နီးစီးယက်စ် ဂျူနီယာရဲ့ အနာဂတ် ကလည်း လှုပ်ခတ်လာခဲ့ပြီး အာဆင်နယ်က ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


