ဘရာဇီးလ် ပြင်သစ်၊ ခရိုအေးရှား တို့နဲ့ ကစားမယ့် ဘရာဇီးလ် လက်ရွေးစင် အသင်းရဲ့ မတ်လ ခြေစမ်းပွဲ လူစာရင်းမှာ ရွေးချယ်မခံရတာကြောင့် နေမာက သူ့အနေနဲ့ “ စိတ်ပျက်ပြီး ဝမ်းနည်းရပါတယ်” လို့ ဝန်ခံခဲ့ပါတယ်။ ဒါဟာ သူ့အနေနဲ့ ဘရာဇီးလ် လက်ရွေးစင် အသင်းနဲ့ ၂ နှစ်ကြာ ဝေးကွာနေမှုကို ထပ်မံ သက်တမ်းတိုးလိုက်သလိုလည်း ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာ ဂန္ထဝင် ကတော့ လက်ရှိမှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရဖို့ ပစ်မှတ်ထားနေဆဲ ဖြစ်ပါတယ်။
ဘရာဇီးလ် နည်းပြ ကာလို အန်ဆယ်လော့တီဟာ တနင်္လာနေ့က ကမ္ဘာ့ဖလား မတိုင်ခင် ခြေစွမ်းပွဲတွေ အတွက် လူစာရင်းကို ထုတ်ပြန်ခဲ့ရာ မှာတော့ အန်းဒရစ်ခ်နဲ့ ယာအို ပက်ဒရို တို့လို လူငယ်ကြယ်ပွင့်တွေ ကိုပဲ ရွေးချယ်ခဲ့ပြီး မကြာခဏ ဒဏ်ရာရတတ်တဲ့ ဘရာဇီးလ် အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားကြီး နေမာ ကိုတော့ ချန်လှပ်ထားခဲ့တာပါ။
ဒီအခြေအနေ အပေါ် နေမာက Kings League ပွဲ တစ်ပွဲမှာ အခုလို တုံ့ပြန်လာခဲ့ပါတယ်။ “ကျွန်တော် ဒီမှာ ထုတ်ပြောပါမယ်၊ ဘာလို့လဲ ဆိုတော့ ဆိတ်ဆိတ်နေလို့ မရတော့လို့ပါ။ ရွေးချယ်မခံရတာကို စိတ်ပျက် ဝမ်းနည်းမိတာ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော် ကတော့ နေ့တိုင်း၊ လေ့ကျင့်ခန်းတိုင်း၊ ပွဲတိုင်းမှာ အာရုံစိုက်ထားဆဲပါ။ ကျွန်တော် တို့ရဲ့ ရည်မှန်းချက်ကို ရောက်အောင်သွားမှာပါ။ ကမ္ဘာ့ဖလား အတွက် နောက်ဆုံး လူစာရင်း ရွေးဖို့က ကျန်ပါသေးတယ်။” လို့ နေမာက ဆိုပါတယ်။
အသက် ၃၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နေမာက ဖေဖော်ဝါရီလက ဒူးဒဏ်ရာ ခွဲစိတ်မှု ကနေ ပြန်လာနိုင်ခဲ့ပြီး ဆန်းတို့စ် အတွက် ၄ ပွဲ ကစားရာမှာ ၂ ဂိုး သွင်း၊ ၂ ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ အထူးသဖြင့် နောက်ဆုံး ၃ ပွဲ ဆက်တိုက် မိနစ် ၉၀ ပြည့် ကစားနိုင်ခဲ့တာကြောင့် ဒဏ်ရာ ပြဿနာ မရှိတော့ဘူးလို့ ယူဆနိုင်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ တပတ်က မီရာဆောလ်နဲ့ ၂-၂ သရေကျတဲ့ ပွဲမှာ နေမာ ပါဝင်မကစားခဲ့တာက နည်းပြ အန်ဆယ်လော့တီ အတွက် စိုးရိမ်စရာ ဖြစ်သွားပုံ ရပါတယ်။ အန်ဆယ်လော့တီက နေမာက “ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှု မပြည့်သေးဘူး” လို့ အလေးပေး ပြောကြားခဲ့ပြီး လူစာရင်း ကနေ ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေတွေက သူ့အတွက် မျှော်လင့်ချက်နည်းနေပေမယ့် အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို တို့မှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားဖို့ နေမာက ဆုံးဖြတ်ထားဆဲ ဖြစ်ပါတယ်။ “ကျွန်တော့်ရဲ့ ဆန္ဒ ကတော့ လက်ရွေးစင် အသင်းဆီ ပြန်သွားဖို့နဲ့ ကမ္ဘာ့ဖလား ကစားဖို့ပါပဲ။ ဒါပေမယ့် ဒါက ကျွန်တော့် အပေါ်မှာပဲ မမူတည်ပါဘူး၊ နည်းပြ အဖွဲ့ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော် ပါဝင်ခွင့်ရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ လက်ရွေးစင် အသင်းကို အမြဲတမ်း အားပေးနေမှာပါ။” လို့ နေမာက ဆိုပါတယ်။
တဖက်မှာလည်း ရိုဒရီဂိုဟာ ဒူးအရွတ်ဒဏ်ရာ (ACL) ကြောင့် ကမ္ဘာ့ဖလားကို လွဲချော်မှာပါ။ ဒါကြောင့် နေမာ အနေနဲ့ နောက်ပိုင်းလတွေမှာ ဆန်းတို့စ် အတွက် ခြေစွမ်းပြနိုင်ရင် အန်ဆယ်လော့တီရဲ့ လူစာရင်းထဲ ပြန်ပါလာဖို့ အခွင့်အရေး ရှိနေပါသေးတယ်။ အကယ်၍ သူ ပြန်ပါလာခဲ့ရင်တောင် လူစားဝင် ကစားသမား အဖြစ်သာ ပါဝင်ရနိုင်ချေ ရှိပေမယ့် လက်ရှိအချိန် မှာတော့ နေမာ အနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ ဖြစ်ဖြစ် အသင်းဆီ ပြန်လာခွင့် ရဖို့ပဲ မျှော်လင့်နေမှာ သေချာပါတယ်။
နေမာဟာ ၂၀၂၃ ဒီဇင်ဘာလက ဒူးအရွတ် ဒဏ်ရာ ရခဲ့ပြီးကတည်းက ဘရာဇီးလ်ရဲ့ အထင်ကရ ကျောနံပါတ် (၁၀) ဂျာဆီကို ဝတ်ဆင်ခွင့် မရတော့တာပါ။ သူ့ရဲ့ ကစားသမားဘဝ နေဝင်ချိန်မှာ အသင်းဆီ ပြန်လာပြီး မိခင်နိုင်ငံ အတွက် ကမ္ဘာ့ဖလား အောင်မြင်မှု ရအောင် ကူညီပေးနိုင်ခဲ့မယ် ဆိုရင်တော့ ဒါဟာ အလွန်လှပတဲ့ ဇာတ်သိမ်း တစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


