လာလီဂါ ကလပ် ဘာစီလိုနာ ဥက္ကဋ္ဌ ယိုအန် လာပေါ်တာက နည်းပြဟောင်း ဇာဗီရဲ့ ဝေဖန် ပြောကြားချက်တွေကို ပြန်လည် တုံ့ပြန်လာခဲ့ပါတယ်။ လက်ရှိ နည်းပြ ဟန်ဆီ ဖလစ်ခ်ဟာ ဒီကစားသမား အစုအဖွဲ့နဲ့တင် ပိုမို အောင်မြင်အောင် စွမ်းဆောင်နေတာ ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာ ဂန္ထဝင် ဇာဗီဟာ ၂၀၂၃-၂၄ ရာသီအကုန်မှာ အသင်း ကနေ ထွက်ခွာခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လမ်းညွှန်မှု အောက်မှာ ဘာဆာဟာ ၂၀၂၂-၂၃ ရာသီ လာလီဂါ ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ မကြာသေးခင်က La Vanguardia နဲ့ အင်တာဗျူးမှာတော့ ဇာဗီက ၂၀၂၃ ခုနှစ်မှာ မက်ဆီကို ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းမှုကို လာပေါ်တာက ပိတ်ပင်ခဲ့သလို၊ သူ့ကို ရာထူးက ထုတ်ပယ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး လာပေါ်တာက လိမ်ညာခဲ့တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
“မက်ဆီနဲ့ ပတ်သက်ပြီး ဘာတွေဖြစ်ခဲ့တယ် ဆိုတာကို ဥက္ကဋ္ဌက လိမ်ပြောနေတာပါ။ လီယိုနဲ့ ကျွန်တော်တို့ စာချုပ်ချုပ်ဖို့ အထိ ဖြစ်ခဲ့တာပါ။ ၂၀၂၂ ကမ္ဘာ့ဖလား အပြီး ၂၀၂၃ ဇန်နဝါရီမှာ ကျွန်တော် သူနဲ့ စကားပြောခဲ့ပြီး သူကလည်း ပြန်လာဖို့ စိတ်အားထက်သန်နေခဲ့ပါတယ်။”
“ကျွန်တော်တို့ မတ်လ အထိ စကားပြောဖြစ်ခဲ့ပြီး သူ့ဘက်က အိုကေရင် နည်းစနစ်ပိုင်းအရ အဆင်ပြေတဲ့ အတွက် ဥက္ကဋ္ဌကို အသိပေးမယ်လို့ ပြောခဲ့ပါတယ်။ ဥက္ကဋ္ဌက လီယိုရဲ့ အဖေ (ဂျော့ချ် မက်ဆီ) နဲ့ စာချုပ်ကိစ္စ ဆွေးနွေးခဲ့သလို လာလီဂါ ဘက်ကလည်း ဘဏ္ဍာရေးအရ ခွင့်ပြုချက် ရခဲ့ပါတယ်။ ဒါပေမယ့် ဥက္ကဋ္ဌ ကိုယ်တိုင် ကပဲ ဒီအစီအစဉ်ကို ပြန်ရုပ်သိမ်းခဲ့တာပါ။”
“လာပေါ်တာ ကျွန်တော့်ကို ပြောတာ ကတော့ မက်ဆီသာ ပြန်လာရင် သူ့ကို စစ်ကြေညာသလို ဖြစ်လိမ့်မယ်တဲ့။ ကျွန်တော် ကတော့ အမှန်တရားကိုပဲ ပြောချင်ပါတယ်။ လီယို ပြန်မလာ ဖြစ်တာဟာ ဥက္ကဋ္ဌက သူ့ကို မလိုချင်လို့ပါ။ လာလီဂါကြောင့် ဒါမှမဟုတ် ဂျော့ချ် မက်ဆီက ပိုက်ဆံ ပိုတောင်းလို့ ဆိုတာတွေဟာ အလိမ်အညာတွေပါ။ ဥက္ကဋ္ဌနဲ့ သူ့လူတွေကပဲ မက်ဆီသာ ပြန်လာရင် အာဏာ အားလုံးကို ချုပ်ကိုင်ထားတဲ့ လာပေါ်တာ အတွက် အခြေအနေတွေ ဆိုးရွားသွားနိုင်တယ်လို့ ယူဆခဲ့ကြတာပါ။” လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် တဖက်မှာ လာပေါ်တာ ကတော့ ၂၀၂၄ ခုနှစ်မှာ တာဝန်ယူခဲ့တဲ့ ဖလစ်ခ် လက်ထက်မှာ ဘာဆာဟာ ပြီးခဲ့တဲ့ရာသီက ဖလားသုံးလုံး (Treble) ရရှိခဲ့သလို အခုလို အောင်မြင်နေတာကို ဇာဗီက မနာလို ဖြစ်နေတာလို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ Sport သတင်းဌာနရဲ့ ဆွေးနွေးပွဲ တစ်ခုမှာ လာပေါ်တာက အခုလို ဆိုပါတယ်။
“ဒီလို ပြောဆိုချက်တွေကို မြင်ရတာ စိတ်မကောင်းဖြစ်မိသလို ဖလစ်ခ် အတွက်လည်း စဉ်းစားမိပါတယ်။ ဥက္ကဋ္ဌ တစ်ယောက် ဖြစ်ရတာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချရလို့ ပင်ပန်းပါတယ်။ ဇာဗီနဲ့ ဆိုရင် ကျွန်တော်တို့ ဆက်ပြီး ရှုံးနိမ့်နေဦးမယ် ဆိုတာ မြင်နေရတယ်။ အခုလို အခြေအနေတွေ ပြောင်းလဲသွားတာကို မြင်ရတော့ စိတ်သက်သာရာရမိပါတယ်။ ဇာဗီ လက်ထက်မှာ ရှုံးနိမ့်ခဲ့တဲ့ ဒီကစားသမားတွေနဲ့ပဲ ဖလစ်ခ်က အခု နိုင်ပွဲတွေ ဖော်ဆောင်နေတာပါ။” လို့ လာပေါ်တာက ခပ်ရင့်ရင့် ပြန်လည် တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဖလစ်ခ်ဟာ ဇာဗီ လက်ထက်မှာ ပွဲထွက်ခွင့် နည်းပါးခဲ့တဲ့ ရာဖင်ညာဆီ ကနေ အကောင်းဆုံး စွမ်းဆောင်ရည်ကို ထုတ်ယူနိုင်ခဲ့သလို၊ လာမင်း ယာမယ် ကလည်း ဆက်လက် တောက်ပနေဆဲ ဖြစ်ပါတယ်။ လာပေါ်တာက ဇာဗီဟာ အသင်းလူစာရင်း အပေါ် အမြဲတမ်း မကျေမနပ် ဖြစ်နေတတ်ပြီး ရီးရဲလ်မက်ဒရစ်ကို ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။
ဇာဗီ ကတော့ ဖလစ်ခ် လာလီဂါ ကလပ်မှာ အောင်မြင်နေတာကို ဝမ်းသာမိကြောင်း အခုလိုပဲ ပြောပါတယ်။ “ကျွန်တော် နည်းပြ အဖြစ် ရှိနေတုန်းက ကလပ် အသင်းက သူ့ကို တကယ်ပဲ ဆက်သွယ်ခဲ့သလားလို့ မေးတဲ့အခါ မှာတော့ “ဟန်ဆီ ဖလစ်ခ်က လာရောက် တောင်းပန်ခဲ့ပါတယ်။ အသင်းက ကျွန်တော့်ကို ထုတ်ဖို့ ဆုံးဖြတ်ပြီးသား ဖြစ်ပေမယ့် အဲဒီ ၃ ပတ် အတွင်း ဘယ်သူမှ ကျွန်တော့်ကို မျက်နှာချင်းဆိုင်ပြီး အသိမပေးခဲ့ပါဘူး။”
“ဖလစ်ခ်က တောင်းပန်ခဲ့ပြီး ကျွန်တော်တို့ ၂ နာရီကျော်လောက် စကားပြောဖြစ်ခဲ့ကြတယ်။ သူက လူကောင်း တစ်ယောက်ပါ။ အသင်းက သူ့ကို ကျွန်တော့်ကို ဘာမှမပြောဖို့ တားထားတဲ့ အတွက် သူက ကျွန်တော့် အိမ်အထိ လာတောင်းပန်ခဲ့တာပါ။ သူ အခုလို အဆင်ပြေနေတာကို ကျွန်တော် ဝမ်းသာပါတယ်။” လို့ ဆိုပါတယ်။
ဒါ့အပြင် ဇာဗီက သူ အသင်းကနေ ထွက်ခွာခဲ့ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီးတော့လည်း လာပေါ်တာက အမှန်အတိုင်း မပြောခဲ့ဘူးလို့ ဆိုပါတယ်။ “ကျွန်တော်က ကစားသမား ၁၀ ယောက်ကို အသင်း ကနေ ထုတ်ချင်တယ်လို့ ဥက္ကဋ္ဌက ပြောခဲ့တာဟာ လုံးဝ မဟုတ်ပါဘူး။ အသင်းသားတွေကို အမှန်တရား သိစေချင်ပါတယ်။ ဇန်နဝါရီမှာ ကျွန်တော် ထွက်မယ်လို့ ပြောတုန်းက ‘မင်းမရှိဘဲ အသင်းကို မမြင်ယောင်နိုင်ဘူး’ လို့ ပြောပြီး ဆက်နေဖို့ နားချခဲ့တာ သူကိုယ်တိုင်ပါ။ အခုတော့ ဥက္ကဋ္ဌက သူ့အထက်မှာ ရှိတဲ့ အလက်ဟန်ဒရို အီချီဗာရီးယား ဆိုသူရဲ့ စီစဉ်မှုနဲ့ ကျွန်တော့်ကို အမှန်အတိုင်း မပြောဘဲ ထုတ်ပယ်ခဲ့တာပါ။ တကယ်တမ်း ကျွန်တော့်ကို နည်းပြရာထူးက ထုတ်ပယ်ခဲ့သူဟာ အလက်ဟန်ဒရိုပဲ ဖြစ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


