စီးရီးအေ ပွဲစဉ် ၂၆ အပြီးမှာ ရိုးမားက ခရီမိုနိစ်ကို အနိုင်ရရှိပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အခြေအနေကောင်းသွားခဲ့ပါတယ်။ အခုတပတ် စီးရီးအေမှာ ရိုးမားရဲ့ အဓိက ပြိုင်ဘက်တွေ ဖြစ်တဲ့ ဂျူဗင်တပ်စ်၊ အေစီမီလန်နဲ့ နာပိုလီတို့ အသီးသီး ရှုံးနိမ့်ခဲ့ကြပြီး ရောမ ကလပ်ဟာ ထိပ်ဆုံး ၄ သင်း စာရင်း (Top 4) ဝင်နိုင်ဖို့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရိုးမားဟာ စတာဒီယို အိုလံပီကိုကွင်းမှာ ခရီမိုနီးဆီးကို ၃-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့တာပါ။ ပွဲစဉ် တလျှောက် အပိုင်အခွင့်အရေး ၂၃ ကြိမ်အထိ ဖန်တီးနိုင်ခဲ့ပြီး ဒုတိယပိုင်း မှာတော့ အသင်း အတွက် ပွဲပေါင်း ၃၅၀ ပြည့်မြောက်ခဲ့တဲ့ ဘရိုင်ယန် ခရစ္စတန်တေး၊ အီဗန် အန်ဒီကာနဲ့ လူငယ်ကစားသမား နီကိုလို ပီဆီလီ တို့က ဂိုးတွေ သွင်းယူပေးခဲ့ကြပါတယ်။
ဒါကြောင့် ရိုးမားက ရမှတ် ၅၀ အထိ ရရှိထားပြီး စီးရီးအေ လက်ရှိ ချန်ပီယံ နာပိုလီနဲ့ ရမှတ်တူ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ Opta စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက်အရ ရိုးမားဟာ Top 4 ဝင်ဖို့ ၆၂.၈ ရာခိုင်နှုန်း အထိ အခွင့်အရေး ရှိနေပြီး အဆင့် ၄ နေရာ ကနေ ရာသီသိမ်းနိုင်ဖို့ အလားအလာ အများဆုံး ဖြစ်နေပါတယ်။
ရိုးမား နည်းပြသစ် အဖြစ် ပထမဆုံးရာသီမှာတင် စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ ဂတ်စပီရီနီက အခုလိုပဲ ဆိုပါတယ်။ “လာမယ့် တနင်္ဂနွေနေ့မှာ ကစားရမယ့် ဂျူဗင်တပ်စ်နဲ့ ပွဲက အရမ်းပဲ အရေးကြီးပါတယ်။ အဲဒီပွဲ နိုင်ရင် ကျွန်တော်တို့ ရှေ့တစ်လှမ်း အသာစီးရမှာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ အတ္တလန္တာနဲ့ အတွေ့အကြုံအရ ချန်ပီယံလိဂ် ဝင်ခွင့် ဆိုတာ နောက်ဆုံး ပွဲစဉ်တွေ အထိ တိုက်ပွဲဝင်ရလေ့ ရှိပါတယ်။”

“ကျွန်တော် တို့ရဲ့ အနောက်မှာ အတ္တလန္တာနဲ့ ကိုမို တို့လို အသင်းတွေ ကလည်း ထပ်ချပ်မကွာ လိုက်နေတာကြောင့် ဒါဟာ အဆုံးအထိ ဆင်နွှဲရမယ့် တိုက်ပွဲပါ။ အခုနိုင်ပွဲ ကတော့ လာမယ့် အပတ်တွေ အတွက် အားသာချက် တစ်ခု ရလိုက်တာပါပဲ။” လို့ ဂတ်စ်ပီရီနီက ဆိုပါတယ်။
ရိုးမားဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ပွဲစဉ် ၂၆ အပြီးမှာ ရမှတ် ၅၀ ရရှိခဲ့တာပါ။ လက်ရှိအချိန်မှာ နိုင်ပွဲ ၁၆ ပွဲ အထိ ရရှိထားတာဟာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီ နောက်ပိုင်း ရိုးမားရဲ့ အကောင်းဆုံး မှတ်တမ်းလည်း ဖြစ်ပါတယ်။
ဂတ်စပီရီနီက သူရဲ့ ပထမဆုံး ရာသီမှာ အခုလောက် အထိ အောင်မြင်မှု ရမယ်လို့ မမျှော်လင့်ထားကြောင်း ဝန်ခံခဲ့ပြီး ပီဆီလီ၊ ဗန်တူရီနို၊ ဂီလာဒီနဲ့ ဇီယိုလ်ကောစကီး တို့လို လူငယ်ကစားသမားတွေ တိုးတက်လာတာကို မြင်ရတာ အလွန်ကျေနပ်စရာ ကောင်းတယ်လို့လည်း ချီးကျူးသွားခဲ့ပါသေးတယ်။
ရိုးမားဟာ လာမယ့် တပတ် စီးရီးအေ မှာတော့ အဆင့် ၅ နေရာက ဂျူဗင်တပ်စ်နဲ့ ထိပ်တိုက် တွေ့ဆုံနေပြီး နှစ်သင်းစလုံး အတွက်တော့ အရေးကြီးတဲ့ ပွဲစဉ် ဖြစ်နေပါတယ်။ လက်ရှိမှာ ရိုးမားက လူငယ် ကစားသမားတွေနဲ့ ဝါရင့် ကစားသမားတွေရဲ့ ပေါင်းစပ်မှုက အတော်လေး အလုပ် ဖြစ်နေပါတယ်။ ဂျူဗင်တပ်စ် ကတော့ ပြီးခဲ့တဲ့ တပတ်က ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်လျော့သွားပြီး ရိုးမားကို ပြန်ကျော်တက်ဖို့ ဒီပွဲကို အနိုင် ကစားမှ ရမှာပါ။ ဖိအား ကတော့ ဧည့်သည် ဂျူဗင်တပ်စ် ဘက်မှာ ပိုများနေဖို့ ရှိပါတယ်။
ဒီပွဲမှာ ရိုးမား နိုင်ရင် ဂျူဗင်တပ်စ်ကို အမှတ်ဖြတ်လိုက်နိုင်မှာ ဖြစ်သလို ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ၈၀ ရာခိုင်နှုန်းကျော် သေချာသွားမှာပါ။ ဂျူဗင်တပ်စ် နိုင်ရင်တော့ အဆင့် ၄ နေရာ အတွက် ပြိုင်ဆိုင်မှုက ပိုပြီး ပြင်းထန်လာမှာ ဖြစ်ပြီး ရိုးမား ကတော့ ဖိအားတွေ အောက်ကို ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


