ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာမှာ ကစားနေတဲ့ ဒါဝင် နူညက်ဇ် ကတော့ လက်ရှိမှာ ကစားသမားဘဝ စိတ်ပျက်စရာ အချိန်ကာလတွေကို ထပ်မံ ဖြတ်သန်းနေရပြန်ပါပြီ။ ဒါဝင် နူညက်ဇ်ရဲ့ ကစားသမားဘဝ တစ်လျှောက်မှာ သူ့ကို အမြဲတမ်း ကိုယ်စားပြုနေတဲ့ စကားလုံး တစ်လုံး ရှိပါတယ်။ အဲဒါ ကတော့ “ မငြိမ်သက်မှု” ဖြစ်ပါတယ်။ သူ့ရဲ့ ဘဝက တကယ့်ကို အနိမ့်အမြင့် အတက်ကျ ကြမ်းလွန်းပြီး တကယ့်ကို ရိုလာကိုစတာပါပဲ။
နူညက်ဇ်ရဲ့ ဒီလို ခန့်မှန်းရခက်တဲ့ သဘာဝဟာ ကောင်းကွက်ရော ဆိုးကွက်ပါ ဒွန်တွဲနေပါတယ်။ တစ်ခါတလေ အရမ်းကို ထူးခြားပြောင်မြောက်တဲ့ ခြေစွမ်းမျိုး ပြသတတ်သလို၊ မိနစ်ပိုင်း အတွင်းမှာပဲ မယုံနိုင်စရာ အမှားအယွင်းတွေကို လုပ်ပြတတ်တာကြောင့် သူဟာ ပြိုင်ဘက် ခံစစ် အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်သလို၊ အသင်းဖော်နဲ့ ပရိသတ်တွေ အတွက်လည်း စိတ်ပျက်စရာ ဖြစ်စေပါတယ်။
အရပ်အမောင်း မြင့်မားတဲ့ တိုက်စစ်မှူးဟာ လွယ်ကူတဲ့ လမ်းကြောင်း ကနေ စူပါစတား ဖြစ်လာခဲ့တာ မဟုတ်ပါဘူး။ အမိမြေ ဥရုဂွေးမှာ ကစားသမားဘဝ စတင်ခဲ့ပြီး စပိန် ဒုတိယတန်း ကလပ် အဲလ်မေးရီးယားမှာ ခြေစွမ်းပြခဲ့လို့ လူသိများလာခဲ့တာပါ။ အဲဒီနောက် မှာတော့ ဘင်ဖီကာဆီ ရောက်ရှိခဲ့ပြီး ဥရောပ ဘောလုံးလောကရဲ့ အာရုံစိုက်မှုကို အပြည့်အဝ ရရှိခဲ့ပါတယ်။
လစ်ဗာပူးလ်က သူ့ကို ပေါင် ၈၅ သန်းနဲ့ စံချိန်တင် ခေါ်ယူခဲ့ချိန် မှာတော့ သူဟာ အကြီးမားဆုံး ဝေဖန်မှု ဒဏ်တွေကို စတင် ရင်ဆိုင်ခဲ့ရပါတယ်။ ပါရမီရှင် တစ်ယောက်ရဲ့ ကစားပုံမျိုး ပုံမှန် မြင်တွေ့ရတတ်ပေမယ့်၊ လူပြောများခဲ့တာ ကတော့ သူရဲ့ လွဲချော်မှုတွေပဲ ဖြစ်ခဲ့ပါတယ်။
အခုအချိန်မှာတော့ သူဟာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာဆီ ပေါင် ၄၆ သန်းနဲ့ ရောင်းချခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် သူက အဲဒီမှာလည်း ကံဆိုးမှုတွေနဲ့ ထပ်မံ ကြုံတွေ့နေရပြီး အသင်းရဲ့ လိဂ်ပွဲစဉ် လူစာရင်း ကနေတောင် အပယ်ခံထားရပါတယ်။ ဒါဟာ သူ့ရဲ့ ထူးဆန်းလှတဲ့ ကစားသမားဘဝ အတွက် နောက်ထပ် အဟန့်အတား တစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒီတော့ ၂၀၂၂ ခုနှစ် ဝန်းကျင်လောက်ကို ပြန်သွားရအောင်ပါ။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ လစ်ဗာပူးလ်နဲ့ ဘင်ဖီကာတို့ ထိပ်တိုက်တွေ့ခဲ့စဉ်က နူညက်ဇ်ဟာ နှစ်ကျော့စလုံး ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ယာဂန် ကလော့ပ်ရဲ့ မျက်စိကျခြင်းကို ခံခဲ့ရပါတယ်။ လစ်ဗာပူးလ်ရဲ့ ကိန်းဂဏန်း အချက်အလက် အခြေပြု ခေါ်ယူရေး အဖွဲ့ရဲ့ ကန့်ကွက်မှုတွေ ရှိခဲ့ပေမယ့်၊ ကလော့ပ် ကတော့ သူ့ရဲ့ အိမ်မက် တိုက်စစ်မှူးကို ရအောင် ခေါ်ယူခဲ့ပါတယ်။ ကြံ့ခိုင်မှု အားကောင်းခြင်း၊ မြန်နှုန်းမြင့်ခြင်းနဲ့ မကုန်ခမ်းနိုင်တဲ့ စွမ်းအင်တွေကြောင့် ကလော့ပ်က သူ့ကို အလွန်သဘောကျခဲ့တာပါ။ ပြောရရင်တော့ အဲလ်မေးရီးယားမှာ ၁၆ ဂိုး၊ ဘင်ဖီကာမှာ ၄၈ ဂိုး သွင်းယူခဲ့တဲ့ မှတ်တမ်းတွေက လစ်ဗာပူးလ်ကို ငွေပုံအော သုံးစွဲဖို့ သွေးဆောင်နိုင်ခဲ့ပါတယ်။
ဒါဆို နူညက်ဇ် တယောက် အန်ဖီးလ်မှာ ဘာတွေ မှားယွင်းခဲ့တာလဲ။ ဆိုရရင် နူညက်ဇ်ရဲ့ လစ်ဗာပူးလ် ကစားသမား ဘဝ အစပိုင်းဟာ တကယ်တော့ အားရစရာ ကောင်းခဲ့ပါတယ်။ မန်စီးတီးနဲ့ ကစားတဲ့ ကွန်မြူနတီဒိုင်းမှာ ဂိုးသွင်းခဲ့သလို၊ ပရီးမီးယားလိဂ် အဖွင့်ပွဲ မှာလည်း ဂိုးသွင်း၊ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခဏတာ အတွင်းမှာပဲ သူ့ရဲ့ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ သဘာဝက ပေါ်ထွက်လာပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ ပြိုင်ဘက်ကို ခေါင်းနဲ့ တိုက်ခဲ့လို့ အနီကတ် ထိခဲ့တာဟာ အစပြုလို့၊ အပိုင်ဂိုးသွင်းခွင့်တွေကို လွဲချော်တာတွေ ကလည်း ပရိသတ်တွေ အကြား ဝေဖန်စရာ ဖြစ်လာခဲ့ပါတယ်။ ဒုတိယရာသီမှာ ၁၈ ဂိုးသွင်းပြီ ၁၃ ဖန်တီးနိုင်ခဲ့ပေမယ့် ပရိသတ်တွေရဲ့ ယုံကြည်မှုကို အပြည့်အဝ မရခဲ့ပါဘူး။
သူ့ အတွက် အင်္ဂလိပ် စကား မပြောနိုင်တာ ကလည်း ပရီးမီးယားလိဂ်နဲ့ အသားကျဖို့ ခက်ခဲခဲ့တယလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ကန်ချက် နည်းစနစ်တွေ ကလည်း မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပြီး အမြဲတမ်း ခွန်အားကိုပဲ အားကိုးပြီး ကန်သွင်းလေ့ ရှိသလို နည်းစနစ်ပိုင်း ကိုတော့ လျစ်လျူရှုခဲ့ပါတယ်။ အာနေး ဆလော့တ် လက်ထက် မှာတော့ သူ့ရဲ့ ခြေစွမ်းဟာ ပိုမို ကျဆင်းလာခဲ့ပြီး နောက်ဆုံးမှာတော့ လစ်ဗာပူးလ် ကနေ ထွက်ခွာခဲ့ရပါတယ်။
ဒါပေမယ့် သူ့ရဲ့ တရိပ်ရိပ် ကျဆင်းမှုတွေက မပြီးဆုံးခဲ့ပါဘူး။ အသက် ၂၆ နှစ် အရွယ်သာ ရှိသေးတဲ့ နူညက်ဇ်ဟာ ဆော်ဒီပရိုလိဂ်မှာ သူ့ရဲ့ ကစားသမားဘဝကို ပြန်လည် ထူထောင်ဖို့ ကြိုးစားခဲ့ပေမယ့် အခြေအနေက မကောင်းခဲ့ပါဘူး။ အဲလ်ဟီလာ အတွက် ၂၃ ပွဲမှာ ၇ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ အဆိုးဆုံး ကတော့ အသင်းက ကာရင်မ် ဘန်ဇီမာကို ခေါ်ယူလိုက်ချိန်မှာ ဖြစ်လာပါတယ်။ ဆော်ဒီပရိုလိဂ်ရဲ့ နိုင်ငံခြားသား ကစားသမား မှတ်ပုံတင် စည်းမျဉ်းအရ ဘန်ဇီမာကို နေရာပေးဖို့ အတွက် နူညက်ဇ်ကို လူစာရင်း ကနေ ထုတ်ပယ်လိုက်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ဒီရာသီ လက်ကျန် လိဂ်ပွဲစဉ်တွေကို ကစားခွင့်ရတော့မှာ မဟုတ်ဘဲ အေအက်ဖ်စီ ချန်ပီယံလိဂ် မှာသာ ကစားခွင့် ရပါတော့မယ်။
ဒါဆိုရင် နူညက်ဇ်ရဲ့ အနာဂတ်က ဘာလဲ၊ ဘယ်လဲ၊ ဘယ်လို ဖြစ်လာမလဲ ဆိုပြီး မေးခွန်းတွေ ထုတ်စရာ ရှိလာခဲ့ပါပြီ။ လက်ရှိမှာတော့ နူညက်ဇ် အတွက် ရွေးချယ်စရာ တော်တော်လေး နည်းပါးနေပါတယ်။ ဘရာဇီးလ်၊ အာဂျင်တီးနားနဲ့ အမေရိကန် တို့မှာ အပြောင်းအရွှေ့ ဈေးကွက်ဖွင့်ထားသေးပေမယ့် နွေရာသီကျမှသာ အသင်း ပြောင်းဖို့ ဖြစ်နိုင်ခြေ ပိုများပါတယ်။
သေချာတာ ကတော့ ပွဲထွက် ကစားခွင့် နည်းပါးသွားတာဟာ ၂၀၂၆ ကမ္ဘာ့ဖလား အတွက် ဥရုဂွေး လက်ရွေးစင် အသင်းမှာ ပါဝင်ဖို့ ကြိုးစားနေတဲ့ သူ့အတွက် ထိုးနှက်ချက် တစ်ခုပါပဲ။ ဒါပေမယ့်လည်း သူသာ ဥရောပကို ပြန်လာပြီး ခြေစွမ်းပြနိုင်မယ် ဆိုရင်တော့ သူ့ရဲ့ “ မငြိမ်သက်လှတဲ့” ကစားသမား ဘဝကို ပြန်လည် အသက်သွင်းနိုင်ဖို့ အခွင့်အရေး ရှိနေသေးတယ် ဆိုတာ ပြောကြားရင်း…။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


