အာဆင်နယ် ကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ မှာ လိဒ်စ်ယူနိုက်တက်ကို ၀-၄ ဆိုတဲ့ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ရလဒ်ပိုင်း အနည်းငယ် ယိမ်းယိုင်နေမှုကို ပြန်လည် တည့်မတ်နိုင်ခဲ့ပြီး ကစားရခက်တဲ့ လိဒ်စ်ယူနိုက်တက်ရဲ့ အယ်လန်ရုတ်ဒ်ကွင်းမှာ ဂိုးပြတ် အောင်ပွဲခံရင်း ဇယားထိပ် ကနေ ယာယီ ၇ မှတ် ဖြတ်ကာ ဦးဆောင်နိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တာပါ။ ဂန်းနားတွေ အနေနဲ့ မန်စီးတီးနဲ့ အက်စတွန်ဗီလာ တို့က အမှီ လိုက်လာနေတဲ့ ဖိအားတွေ ကြားကနေ အတိုင်းအတာ တစ်ခု အထိ ရုန်းထွက်ပြနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ပွဲမစမီ သွေးပူ လေ့ကျင့်ခန်းဆင်းချိန်မှာ အဓိက တောင်ပံ ကစားသမား ဘူကာယို ဆာကာ ဒဏ်ရာ ရရှိသွားတာကြောင့် နိုနီ မာဒူအေခေ အစားထိုး ဝင်ရောက် ကစားခဲ့ပြီး အင်္ဂလန်သားက ပထမပိုင်းမှာ ပွဲကို လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၂၇ မိနစ် မှာတော့ ဒီကလန် ရိုက်စ် (ပရီးမီးယားလိဂ် ပွဲ ၃၀၀ ပြည့်ပွဲ) ကနေ တစ်ဆင့် ဘောလုံး ပြန်လည် ရရှိရာကနေ မာဒူအေခေ ဖြတ်တင်ပေးတာကို မာတင် ဇူဘီမန်ဒီက ချိန်သားကိုက် ခေါင်းတိုက်ကာ အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။
ဒုတိယဂိုး ကိုတော့ ပွဲချိန် ၃၈ မိနစ်မှာ မာဒူအေခေ ကန်တင်လိုက်တဲ့ ထောင့်ကန်ဘောကို လိဒ်စ် ဂိုးသမား ကားလ် ဒါလိုးက လက်သီးနဲ့ ထိုးဖယ်ဖို့ ကြိုးစားရာမှာ တိုင်ကို ထိပြီး ကိုယ့်ဂိုးကိုယ်သွင်းမိသလို ဖြစ်သွားခဲ့ပါတယ်။ ပွဲချိန် ၆၉ မိနစ် မှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ် ကတည်းက ပရီးမီးယားလိဂ်မှာ ဂိုးပေါက် ပျောက်နေတဲ့ ဗစ်တာ ယောကရက်စ်က မာတင်နယ်လီရဲ့ ပေးပို့မှုကို လှလှလှပပ အဆုံးသတ်သွားခဲ့လို့ အာဆင်နယ်တို့ တတိယဂိုး ရခဲ့ပါတယ်။

ပွဲပြီးခါနီး ၄ မိနစ် အလိုမှာတော့ လူစားဝင်လာတဲ့ ဂါဘရီယယ် ဂျေဇုစ်က လိဒ်စ် နောက်ခံလူ ပါစကယ် စတရိုက်ခ်ကို ကျော်ဖြတ်ပြီး ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ထဲကို အပိုင်ကန်သွင်းကာ ၄-၀ ရလဒ်နဲ့ ပွဲကို အဆုံးသတ်ခဲ့ပါတယ်။
လိဒ်စ်ယူနိုက်တက် ကတော့ အမှတ်ပေးဇယား ထိပ်က အာဆင်နယ်ကို ယှဉ်ပြိုင်ဖို့ ခက်ခဲခဲ့ပြီး လက်ရှိမှာ အဆင့် ၁၆ မှာ ဆက်ရှိနေကာ တန်းဆင်းဇုန်နဲ့ ၆ မှတ်သာ ကွာဟပါတော့တယ်။ ရှေ့ပွဲတွေမှာ လိဒ်စ်ဟာ ပုံစံကောင်းရနေခဲ့သလို အသင်းကြီးတွေ ကိုလည်း ဒုက္ခပေးနိုင်ခဲ့ပေမယ့် အာဆင်နယ်နဲ့ အတွေ့ မှာတော့ ဂိုးပြတ်ကို အရှုံးပေးခဲ့ရတာပါ။ ဒါပေမယ့်လည်း လိဒ်စ်ဟာ တခြားအသင်းတွေနဲ့ မတူတာက Mid Table ကလပ် ဖြစ်ပေမယ့် ခံစစ်ထက် တိုက်စစ် ပိုကစားတဲ့ အသင်း ဖြစ်တာကြောင့် အာဆင်နယ်လို အသင်းနဲ့ အတွေ့မှာ ဒီလောက်အထိ ဂိုးပြတ်သွားခဲ့တာ ဖြစ်ပါတယ်။
နိုင်ရင်လည်း ပြောခံရသလို၊ ရှုံးရင်လည်း ပြောခံရတဲ့ အာဆင်နယ် ကတော့ ဒီနေ့ပွဲမှာလည်း OG တွေ၊ Set Piece တွေနဲ့ ဂိုးရခဲ့လို့ ထပ်ပြီး ဝေဖန်ခံခဲ့ရပြန်ပါတယ်။ ရလဒ်ပိုင်းသာ အဓိက ဖြစ်လာတဲ့ မော်ဒန် ဘောလုံးမှာ မီခဲလ် အာတေးတားနဲ့ အာဆင်နယ်ရဲ့ ချဉ်းကပ်ပုံ မမှားပေမယ့် Open Play တွေ ကနေလည်း အခုထက် ပိုပြီး ဂိုးရရင်တော့ ပိုကောင်းမယ်လို့ တွေးမိပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
အာဆင်နယ်ဟာ ဒီပွဲမှာ သူတို့ရဲ့ အားသာချက် ဖြစ်တဲ့ Set piece တွေနဲ့ ခေါင်းတိုက်ဂိုးတွေကို အသုံးချနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီရာသီမှာ ထောင့်ကန်ဘော ကနေ ၁၄ ဂိုး အထိ သွင်းယူထားနိုင်ပြီး ပရီးမီးယားလိဂ်မှာ အများဆုံး ဖြစ်ပါတယ်။ ခေါင်းတိုက်ဂိုးလည်း ၁၀ ဂိုး အထိ သွင်းယူထားနိုင်ကာ တော့တင်ဟမ်ဟော့စပါးနဲ့လည်း အများဆုံး စံချိန် တူနေပါတယ်။ အာဆင်နယ်ဟာ မျှော်မှန်းဂိုး (xG) ၂.၃၉ ရှိတဲ့ အထဲက ၄ ဂိုးအထိ သွင်းနိုင်ခဲ့ပြီး လိဒ်စ်ယူနိုက်တက် ကတော့ (xG) ၀.၁၅ သာ ရှိခဲ့ပါတယ်။ ယောကရက်စ် ကတော့ နောက်ဆုံး ကစားထားတဲ့ ၆ ပွဲမှာ ၄ ဂိုး သွင်းယူပေးထားနိုင်ခဲ့ပြီး အခုဆိုရင် စုစုပေါင်း ၁၁ ဂိုးနဲ့ အာဆင်နယ်ရဲ့ ဒီရာသီ အတွက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


