အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက လက်ရှိ မန်ချက်စတာယူနိုက်တက်ရဲ့ ယာယီ နည်းပြ မိုက်ကယ် ကာရစ်နဲ့ ပတ်သတ်လို့ ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ သူတို့ နှစ်ဦး ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်တွေ အဖြစ် ရင်ဆိုင်ခဲ့ရစဉ်က ကာရစ်က “ သူအကြိုက်ဆုံး” ကွင်းလယ်ခံစစ် ကစားသမား တစ်ဦး ဖြစ်ခဲ့တယ်လို့ ထုတ်ဖော် ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဒီကနေ့ ညမှာတော့ အာဆင်နယ်က ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ်မှာ အာတေးတားနဲ့ ကာရစ် တို့က နည်းပြတွေ အဖြစ် ထိပ်တိုက်တွေ့ဆုံကြမှာပါ။ သူတို့ နှစ်ဦးဟာ ဆယ်စုနှစ်တစ်ခုနီးပါး ကွင်းလယ်မှာ ပြိုင်ဘက်တွေ အဖြစ် ကောင်းမွန်စွာ သိကျွမ်းခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။
အာတေးတားဟာ အဲဗာတန်နဲ့ အာဆင်နယ်မှာ ကစားခဲ့စဉ်အတွင်း ကာရစ် ပါဝင်တဲ့ ယူနိုက်တက်နဲ့ ၁၀ ကြိမ် ရင်ဆိုင်ခဲ့ဖူးပြီး စပိန် ကွင်းလယ်လူဟောင်း အနေနဲ့ ၁ ကြိမ်သာ အနိုင်ရခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အာတေးတားက အတိတ်က ရှုံးနိမ့်မှုတွေ အပေါ် အာဃာတ မထားပဲ ကာရစ်နဲ့ ရင်ဆိုင်ခဲ့ရပုံတွေကို Sky Sportsနဲ့ အင်တာဗျူးမှာ အလွမ်းပြေ ပြန်လည် ပြောပြခဲ့တာ ဖြစ်ပါတယ်။ အာတေးတားက ကာရစ်ကို သူ အကြိုက်ဆုံး နံပါတ် ၆ ကစားသမားတွေထဲက တစ်ယောက်ပါလို့ ချီးကျူးခဲ့သလို အရမ်းပါးနပ်ပြီး ချွေးတစ်ပေါက်မှကျစရာ မလိုပဲ ပွဲကို အလုံးစုံ ထိန်းချုပ်ထားနိုင်သူ ဖြစ်တယ်လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။
၎င်းတို့ နှစ်ဦးဟာ ကစားပုံချင်းတော့ ကွဲပြားပါတယ်။ အဲဗာတန်မှာတုန်းက အာတေးတားဟာ တိုက်စစ်ကို ပိုမိုလိုက်ပါပြီး ဂိုးတွေ သွင်းတတ်တဲ့ ကွင်းလယ်လူ ဖြစ်ပေမယ့် ကာရစ် ကတော့ ကွင်းလယ်မှာ အထိုင် ကစားပြီး ပွဲကို ထိန်းချုပ်ရတာကို ပိုနှစ်သက်သူ ဖြစ်ပါတယ်။ ကာရစ်ဟာ ယူနိုက်တက်မှာ ၁၂ ရာသီ အတွင်း လိဂ်ဂိုး ၁၆ ဂိုးသာ သွင်းယူခဲ့ပေမယ့် အာတေးတား ကတော့ အဲဗာတန်မှာ ၃ နှစ် အတွင်း အဲဒီဂိုး အရေအတွက် အတိုင်း သွင်းယူနိုင်ခဲ့ပါတယ်။

နည်းပြ ဘဝ ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့စဉ် ကလည်း ကာရစ်က အာတေးတားကို အသာရခဲ့ဖူးပါတယ်။ ၂၀၂၁ ခုနှစ်က ယူနိုက်တက်ကို ယာယီ ကိုင်တွယ်စဉ်မှာ ကာရစ်ဟာ အာဆင်နယ်ကို ၃-၂ နဲ့ အနိုင်ရအောင် စွမ်းဆောင်ခဲ့တာပါ။ ဒါပေမယ့် အခု ၅ နှစ် အကြာမှာတော့ ကာရစ် အတွက် အဲဒီ မှတ်တမ်းက သိပ်ပြီး အရေးမပါတော့ပါဘူး။ ဒါနဲ့ ပတ်သတ်လို့ ကာရစ်က “အဲဒီပွဲ ကနေ အခုပွဲ အတွက် သင်ယူစရာ သိပ်မရှိပါဘူး။ ဒါက စိန်ခေါ်မှု အသစ်၊ ပွဲအသစ်နဲ့ ကစားသမား အသစ်တွေ ဖြစ်သွားပါပြီ။” လို့ ပြောကြားခဲ့ထားခဲ့ပါတယ်။
ကာရစ် အနေနဲ့ ပြီးခဲ့တဲ့ တပတ်က မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် လက်ရှိမှာ ပိုပြီး ယုံကြည်မှု ရှိနေနိုင်ပါတယ်။ အာတေးတား ကလည်း ယူနိုက်တက် တိုက်စစ်ရဲ့ မြန်ဆန်မှုကို သတိထားဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ “မန်ချက်စတာဒါဘီမှာ သူတို့ ကစားသွားတဲ့ ပုံစံကို ကြည့်ရင် သိနိုင်ပါတယ်။ အခွင့်အရေးရတာနဲ့ ပြိုင်ဘက်ကို အသေအလဲ ဒုက္ခပေးနိုင်တဲ့ အသင်းပါ။ သူတို့မှာ ပြိုင်ဘက်ကို ဒုက္ခပေးနိုင်တဲ့ အရည်အချင်းတွေ အများကြီး ရှိသလို အသင်းတိုင်းမှာ ရှိတတ်တဲ့ အားနည်းချက်တွေလည်း သူတို့မှာ ရှိပါတယ်။” လို့ အာတေးတားက သုံးသပ်ပြောကြားခဲ့ပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုတွေ အရ ဆိုရင်တော့ နောက်ပိုင်း နှစ်တွေ အတွင်း အာဆင်နယ်က အိမ်ကွင်းမှာ ပိုပြီး အနိုင်ထားတာ တွေ့ရပါတယ်။ ယူနိုက်တက် အနေနဲ့ အမ်းမရိတ်စ်မှာ ကစားရတဲ့ ပွဲတွေမှာ အခက်အခဲများတတ်ပြီး နောက်ဆုံး ၇ ကြိမ်ဆက် အာဆင်နယ်ကို ယူနိုက်တက် အနိုင်မရထားသလို နောက်ဆုံး ၄ ပွဲဆက် ရှုံးထားပါတယ်။ အဲဒီ ၄ ပွဲမှာ ၃ ပွဲ ကတော့ ဂိုးပြတ် ရှုံးထားတာပါ။ အခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် ပထမအကျော့ မှာလည်း အာဆင်နယ်က မန်ယူနိုက်တက်ကိ အိုးထရက်ဖို့ဒ်မှာ ကာလာဖီအိုရီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


