ညက ယှဉ်ပြိုင်ကစားသွားတဲ့ နောက်ထပ် ချန်ပီယံလိဂ် ပွဲစဉ် တစ်ပွဲ မှာတော့ ဘာစီလိုနာက ဆလားဗီးယား ပရက်ဂ်ကို အဝေးကွင်းမှာ ၂-၄ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဘာစီလိုနာ အတွက် ကတော့ ချဲလ်ဆီးကို ရှုံးနိမ့်ပြီးနောက် ချန်ပီယံလိဂ် ၂ ပွဲဆက် ပြန်လည် အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ရှုံးထွက် အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ဖို့တော့ လက်ကျန် ပွဲစဉ်မှာ ရလဒ်ကောင်းဖို့ လိုအပ်နေပါသေးတယ်။
ဒီနေ့ပွဲမှာ နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီး အသင်းကြီး အသင်းငယ် တွေ့ဆုံတဲ့ ပွဲဖြစ်ပေမယ့် အရမ်းကြီးတော့ တဖက်စောင်းမနေခဲ့ပါဘူး။ အိမ်ရှင် အသင်း ဘက်မှာ စတန်နက်ခ်၊ ဟိုးလက်စ်၊ ဇီမာ၊ ဆာဒီလက်ခ်၊ မော့ဆက်စ်၊ ကူဆာ၊ ပရိုဗော့ဒ်၊ ချော်ရီတို့ ပွဲထွက်လာခဲ့ပါတယ်။ ဘာစီလိုနာရဲ့ တိုက်စစ်မှာတော့ ရောဘတ် လီဝမ်ဒေါစကီး ဦးဆောင်လာခဲ့ပြီး ရာဖင်ညာ၊ ရွန်နီ ဘက်ဟီ၊ ဖာမင်း လိုပက်ဇ်၊ ပက်ဒရီ၊ ဒီယောင်၊ ကွန်ဒေး၊ ဂါစီယာ၊ မာတင်၊ ဘဲလ်ဒီ၊ ယိုအန် ဂါစီယာတို့ ပွဲထွက်ခဲ့ပါတယ်။ ဒီပွဲကို လာမင်း ယာမယ်နဲ့ ဒရို ဖာနန်ဒက်ဇ် (ပွဲပယ်)၊ ဖာရန်း တောရက်စ်နဲ့ ဂါဗီ (ဒဏ်ရာ) တို့လည်း လွဲချော်ခဲ့ပါတယ်။
ပွဲချိန် ၁၀ မိနစ် မှာတော့ အိမ်ရှင်တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ကူဆာက ပွဲချိန် ၁၀ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဘာစီလိုနာ အတွက် ချေပဂိုးနဲ့ ဦးဆောင်ဂိုးကို ပွဲချိန် ၃၄ မိနစ်နဲ့ ၄၂ မိနစ် တို့မှာ ဖာမင်း လိုပက်ဇ်က သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ၄၄ မိနစ် မှာတော့ ရောဘတ် လီဝမ်ဒေါစကီးက ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာကြောင့် ပထမပိုင်း အပြီးမှာ ၂-၂ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။
ဒုတိယပိုင်း မှာတော့ အိမ်ရှင် ဆလားဗီးယား ပရက်ဂ် ဘက်က လူစား အပြောင်းအလဲတွေ ပြုလုပ်ခဲ့သလို ဘာစီလိုနာ ဘက်မှာလည်း ပက်ဒရီ နာသွားတာကြောင့် ဒန်နီ အော်လမိုနဲ့ လူစားလဲခဲ့ရကာ ဘက်ဟီ အစား ရက်ရှ်ဖို့ဒ် ဝင်ကစားခဲ့ပါတယ်။ ဖလစ်ခ်ရဲ့ လူစားလဲမှုတွေ မှန်ကန်ခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပြီး ၆၃ မိနစ် အရောက် မှာတော့ ဘာစီလိုနာတို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဒီဂိုး ကိုတော့ လူစားဝင်လာတဲ့ အော်လမိုက သွင်းယူပေးခဲ့ပြီး ၇၁ မိနစ် မှာတော့ လူစားဝင် ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ဖန်တီးပေးမှု ကနေ လီဝမ်ဒေါစကီးက ဘာစီလိုနာ အတွက် အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ ဘာစီလိုနာက လူစားလဲမှုတွေ ထပ်လုပ်ပြီး ပွဲကို ထိန်းသွားခဲ့လို့ ၂-၄ ရလဒ်နဲ့ ပွဲပြီးခဲ့ပြီး ချက်မြေမှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ပွဲပြီးအချက်အလက်တွေအရ ဆိုရင်တော့ ရောဘတ် လီဝမ်ဒေါစကီး အနေနဲ့ ဒီရာသီ ချန်ပီယံလိဂ်မှာ ၆ ပွဲ ကစားပြီးချိန်မှ ပထမဦးဆုံး သွင်းဂိုးကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်နဲ့ ၁၅၃ ရက် ရှိပြီ ဖြစ်တဲ့ ပိုလန်သားကြီး ကတော့ ၂၀၂၃ ဒီဇင်ဘာလက ဆာဂျီယို ရာမို့စ် (အသက် ၃၇ နှစ်နဲ့ ၂၅၇ ရက်) ပြီးနောက် စပိန် ကလပ် တစ်ခု အတွက် ဒုတိယမြောက် အသက်အကြီးဆုံး ချန်ပီယံလိဂ် ဂိုးသွင်းသူ ဖြစ်လာခဲ့ပါတယ်။
လီဝမ်ဒေါစကီး အနေနဲ့ ချန်ပီယံလိဂ်မှာ ၁၀၆ ဂိုး သွင်းယူထားနိုင်ပေမယ့် ဆလာဗီးယား ပရက်ဂ် ဘက်ကိုတော့ ပထမဦးဆုံး အကြိမ် ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပိုလန် စူပါစတားဟာ ချန်ပီယံလိဂ်မှာ ရင်ဆိုင်ခဲ့ရတဲ့ ၄၉ သင်းထဲက ၃၉ သင်းကို ဂိုးသွင်းယူနိုင်ခဲ့ပြီး ၅၂ သင်းထဲက ၃၈ သင်းကို ဂိုးသွင်းနိုင်ခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ လီဝမ်ဒေါစကီးထက် ပိုကောင်းတဲ့ စံချိန်ကို ပိုင်ဆိုင်ထားသူ ဆိုလို့ လီယွန်နယ် မက်ဆီ တစ်ဦးတည်းသာ ရှိတော့ပြီး အာဂျင်တီးနားသား ကတော့ ၄၄ သင်းထဲက အသင်းပေါင်း ၄၀ ကို ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဒါ့အပြင် လီဝမ်ဒေါစကီးဟာ ချန်ပီယံလိဂ် ပွဲစဉ် တစ်ခုမှာ နှစ်ဖက်အသင်း အတွက် ဂိုးသွင်းယူနိုင်တဲ့ ၁၇ ယောက်မြောက် ကစားသမား ဖြစ်ပြီး ဘာဆာ အတွက်တော့ ပထမဦးဆုံး အကြိမ်လည်း ဖြစ်ပါတယ်။ လီဝမ်ဒေါစကီး မတိုင်ခင် အသင်း တစ်သင်း အတွက် ဒီလိုမျိုး မှတ်တမ်းကို ရရှိခဲ့တဲ့ နောက်ဆုံး ကစားသမား ကတော့ ဆလက်ရှန် ဟယ်လာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


