အာဆင်နယ် ကတော့ နော့တင်ဟမ်ဖောရက်စ်နဲ့ ဂိုးမရှိ သရေကျခဲ့ပြီး အနီးဆုံး ပြိုင်ဘက် မန်စီးတီးကို ၉ မှတ် ဖြတ်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ ဂန်းနားတွေဟာ ပရီးမီးယားလိဂ် နှစ်ပွဲဆက် ဂိုးမရှိ သရေကျခဲ့တာ ဖြစ်လို့ တိုက်စစ်ပိုင်း စွမ်းဆောင်ရည် အပေါ် မေးခွန်းထုတ်စရာတော့ ရှိနေခဲ့ပါတယ်။
အာဆင်နယ်က ပထမပိုင်းမှာ အခွင့်အရေးကောင်းတွေကို ဖြုန်းပစ်ခဲ့ပြီး Final Third ဆုံးဖြတ်ချက်တွေ၊ ပြိုင်ဘက်ရဲ့ ခံစစ်ကို ထိုးဖောက်မှုတွေမှာ အားနည်းခဲ့ပါတယ်။ မာဒူအေခေ၊ ဘန် ဝှိုက် တိုရဲ့ ညာခြမ်း တိုက်စစ်ကို အဓိက အားပြုခဲ့ပြီး ဖြတ်တင်ဘောတွေနဲ့ ဂိုးရဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆုံးသတ်ပိုင်း ကတော့ အားရစရာ မရှိခဲ့ပါဘူး။ ဒါ့အပြင် လိုအပ်တာထက် ပိုပြီး ဘောလုံး ကိုင်ကစားခဲ့တာ ကလည်း ဂန်းနားတို့ ရည်ရွယ်ထားတဲ့ အတိုင်း ဖြစ်မလာခဲ့တဲ့ အဓိက အကြောင်းအရင်းတွေ ဖြစ်ခဲ့ပါတယ်။
မာတင်နယ်လီ တစ်ယောက် သေချာပေါက် ဂိုးရနိုင်တဲ့ အခွင့်အရေးကို ဖြုန်းတီးခဲ့ပြီး အဓိက တိုက်စစ်မှူး ဗစ်တာ ယောကရက်စ် ကလည်း ဒီနေ့ ပွဲမှာတော့ လိုအပ်ချက်တွေ များပြားလွန်းခဲ့ပါတယ်။ ခြုံငုံ သုံးသပ်ရရင်တော့ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲ ခြေစွမ်းက နည်းနည်းလေးများ အကြောက်ပိုနေသလား ဆိုပြီးတောင် တွေးမိစေပါတယ်။ ဒုတိယပိုင်း ရောက်တာနဲ့ High Pressing မကစားတော့ပဲ ပြိုင်ဘက် အမှားကို စောင့်ပြီး တန်ပြန် တိုက်စစ်နဲ့ ဘာကြောင့် ကစားနေသလဲ ဆိုတာတော့ နည်းပြ မီခဲလ် အာတေးတားပဲ အသိဆုံး ဖြစ်မှာပါ။
အာဆင်နယ်က ပြိုင်ဘက်တွေကို အလွယ်တကူ အနိုင်မပေးတော့ပေမယ့် အနိုင်ယူဖို့တော့ စိုးရိမ်စိတ်နဲ့ အကြောက်တရားတွေ လွန်ကဲနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဖြစ်သူ အာတေးတား ကတော့ သူတို့ အသင်းက တခြားသော တွန်းအားတွေ မလိုအပ်ကြောင်း လက်ရှိအချိန်မှာ သူတို့ လိုချင်တဲ့ နေရာကို ရောက်နေသလို ဘာတွေ ဆက်လုပ်ရမလဲ ဆိုတာ ကိုလည်း သူတို့ သိကြောင်း တုန့်ပြန် ပြောဆိုထားပါတယ်။

ဒါ့အပြင် မနေ့ညက ပွဲမှာ ပင်နယ်တီ မရခဲ့တာနဲ့ ပတ်သတ်လို့တော့ ပရီးမီးယားလိဂ်ရဲ့ ရှင်းလင်းချက်ဟာ မမှန်ကန်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၈၀ မှာ နော့တင်ဟမ်ဖောရက်စ် နောက်ခံလူ အိုင်နာဟာ ပယ်နယ်တီ ဧရိယာထဲ ဘောလုံးကို လက်မောင်းနဲ့ ထိမိခဲ့တာ ဖြစ်တယ်။ ဒါပေမယ့်လည်း VAR ပြန်ကြည့်ပြီးနောက် ကွင်းလယ်ဒိုင်က ပယ်နယ်တီ အဖြစ် သတ်မှတ်ပေးခဲ့ခြင်းတော့ မရှိပါဘူး။
အာတေးတားက “သူတို့ မှန်ပါတယ်။ သူ့ပခုံးနဲ့ ထိတာပါ။ ပြီးတော့ သူက ဘောလုံးကို လက်နဲ့ ထိန်းယူခဲ့တယ်။ ဒါကြောင့် ရှင်းလင်းချက်က မမှန်ကန်ပါဘူး။ ဒါပေမယ့် ကျန်တာတော့ အဆင်ပြေပါတယ်။ ဆုံးဖြတ်ချက် ကလည်း အဆင်ပြေပါတယ်။ ဒါပေမယ့် အချိန်အခါနဲ့ ရည်ရွယ်ချက် ကတော့ သိသာ ထင်ရှားပါတယ်။ ကျွန်တော့် အမြင်အရတော့ ဒါဟာ သိသာထင်ရှားတဲ့ ပယ်နယ်တီပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်က ဒီနေ့ပွဲမှာ ဂိုးရနိုင်တဲ့ အခွင့်အရေးကောင်း ၄ ကြိမ် အထိ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပဲ အိမ်ရှင် အသင်း ကတော့ ဂိုးပေါက်တည့် ကန်ချက် တစ်ကြိမ်မှ မရှိခဲ့ပါဘူး။ ပွဲအပြီးမှာ အာဆင်နယ်ဟာ မန်စီးတီးကို ၉ မှတ် အထိ ဖြတ်လိုက်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်လိုက်ရပေမယ့် ၇ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီညမှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ အက်စတွန်ဗီလာတို့ နိုင်ပွဲ ရခဲ့မယ် ဆိုရင်တော့ ၄ မှတ်သာ ဖြတ်ထားနိုင်တော့မှာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ အင်တာမီလန်နဲ့ ချန်ပီယံလိဂ် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ အဖြစ် ပြီးခဲ့တဲ့ ပွဲမှာ မန်စီးတီးကို ဂိုးပြတ် အနိုင်ယူထားတဲ့ ယူနိုက်တက်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


