ဂျူဗင်တပ်စ် နည်းပြ လူစီယာနို စပယ်လက်တီ ကတော့ သူတို့ အသင်း အနေနဲ့ ရလဒ်တွေ သိသိသာသာ တိုးတက်လာခဲ့ပေမယ့်လည်း နာပိုလီနဲ့ အင်တာမီလန်တို့ကို မယှဉ်နိုင်သေးကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ဂျူဗီဟာ ပြီးခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၂၀ မှာ ခရီမိုနိစ်ကို ၅-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးတော့ စပယ်လက်တီ လက်အောက်မှာ ပုံစံကောင်းတွေ ဆက်လက် ပြသနေခဲ့တာ ဖြစ်ပါတယ်။
ခရီမိုနိစ်နဲ့ ပွဲအပြီးမှာ စပယ်လက်တီက “ဒီအလုပ်ကို လုပ်တဲ့အခါ ကွင်းထဲမှာ ကောင်းတာတွေ၊ ဆိုးတာတွေရော၊ အံ့သြစရာတွေပါ အမြဲတမ်း ရှိနေနိုင်ပါတယ်။ ကျွန်တော်တို့ ထိန်းချုပ်ထားနိုင်ခဲ့ပြီး ပွဲကောင်းတစ်ပွဲ ကစားနိုင်ခဲ့သလို ကောင်းကောင်းလည်း ပြင်ဆင်နိုင်ခဲ့ပါတယ်၊ ဘာလုပ်ရမယ် ဆိုတာ သိတဲ့ ပြိုင်ဘက်နဲ့ အတွေ့အမှာ ဆာလောင်မှု အပြည့်နဲ့ ကစားနိုင်ခဲ့တယ်။ ဒေးဗစ် နီကိုလာက ထိပ်တန်းလိဂ်မှာ သူ့အသင်း ဘာလုပ်ရမယ်ဆိုတာ ကောင်းကောင်းသိပါတယ်၊ ဒါကြောင့် သူတို့က စနစ်တကျ စီစဉ်ပြီး တိုက်ပွဲဝင်ဖို့ အသင့် ဖြစ်ခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဂိုးတွေ စောစောစီးစီး ရယူနိုင်ခဲ့ပေမယ့် ပင်နယ်တီ ကန်သွင်းရာမှာတော့ ကံဆိုးခဲ့ပါတယ်။ အားလုံးကို ချုံငုံ စဉ်းစားရင် ကျွန်တော်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဖယ်ရှားရခက်တဲ့ ယိမ်းယိုင်မှု အနည်းငယ်တော့ ရှိနေပါသေးတယ်။” လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိ စီးရီးအေ အမှတ်ပေးဇယား ကိုတော့ အင်တာမီလန်က ရမှတ် ၄၃ မှတ်နဲ့ ဦးဆောင်နေပြီး အေစီမီလန် (၄၀ မှတ်) ၊ နာပိုလီ (၃၉ မှတ်) တို့ကလည်း လိုက်လံ ဖိအားပေးနေပါတယ်။ ဂျူဗင်တပ်စ် ကတော့ အင်တာမီလန်နဲ့ ၄ မှတ် အကွာ အဆင့် ၄ နေရာမှာ ရပ်တည်နေပေမယ့် တစ်ပွဲလည်း ပိုကစားထားပါတယ်။ ခရီမိုနိစ်ကို ၅ ဂိုးပြတ် အနိုင်ရခဲ့တာ ကတော့ ၂၀၁၈ က ဆာဆူအိုလိုကို ၇ ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ဂျူဗီ အတွက် ပထမဦးဆုံး အကြိမ် အဖြစ် ၅ ဂိုးနဲ့ အထက် ပြန်လည် အနိုင်ရခဲ့တဲ့ ပွဲလည်း ဖြစ်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဟာ စပယ်လက်တီ စတင် ကိုင်တွယ်ချိန်က စပြီး ရလဒ်ပိုင်း သိသိသာသာ တိုးတက်လာခဲ့သလို သူတို့ထက် အမှတ်ပိုမို စုဆောင်းထားနိုင်တဲ့ အသင်း ဆိုလို့ အင်တာမီလန် တစ်သင်းထဲသာ ရှိနေပါတယ်။ ဒါ့အပြင် သွင်းဂိုး ရရှိမှု အပိုင်းမှာလည်း တူရင် ကလပ်က တခြားသော ပြိုင်ဘက် အသင်းတွေထက် ပိုသာနေခဲ့တာ တွေ့ရပါတယ်။ အီတလီသား နည်းပြကြီးဟာ လက်ရှိအချိန်ထိ ဂျူဗင်တပ်စ်ကို ၁၅ ပွဲ ကိုင်တွယ်ထားရာမှာ ၁၀ ပွဲနိုင်၊ ၄ ပွဲ သရေကျထားပြီး ရှုံးပွဲ ကတော့ ၁ ပွဲသာ ရှိထားပါတယ်။
ဒါပေမယ့်လည်း စပယ်လက်တီ ကတော့ ဂျူဗင်တပ်စ်ဟာ နာပိုလီ၊ အင်တာမီလန် တို့လို ထိပ်တန်း အဆင့်မှာ ရှိမနေသေးကြောင်း အခုလိုပဲ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။ စပယ်လက်တီက “အင်တာနဲ့ နာပိုလီ တို့ရဲ့ ပွဲစဉ်ကို မနေ့က ကျွန်တော် ကြည့်ခဲ့ပါသေးတယ်။ သူတို့က ဘောလုံးရဲ့ ထိပ်တန်း အဆင့်အတန်းကို ပြသနေနိုင်ကြတာပါ၊ အတွေးအခေါ်တွေ ကောင်းတယ်၊ ပြီးတော့ နည်းပြတွေရဲ့ လမ်းညွှန်မှုတွေကို ကောင်းကောင်း ဖော်ပြ ကစားနိုင်ခဲ့ကြပါတယ်။”
“ကျွန်တော် တို့ကတော့ အဲ့ဒီလို ထိပ်တန်း အဆင့်ကို ရောက်ဖို ကြိုးစားရပါဦးမယ်။ ခပ်မြန်မြန် ကြိုးစားနိုင်ရင်တော့ ပိုကောင်းတာပေါ့လေ။ ကောင်လေးတွေရဲ့ ကြိုးစား အားထုတ်မှုတွေ ကိုလည်း ကျွန်တော် မြင်တွေ့နေရတော့ သိပ်မကြာခင် တိုးတက်မှုတွေ ရှိလာနိုင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဂျူဗင်တပ်စ်ဟာ စပယ်လက်တီ လက်ထက် နာပိုလီ တစ်သင်းတည်း ကိုသာ ရှုံးနိမ့်ထားပြီး အဲဒီပွဲ နောက်ပိုင်း ကစားခဲ့တဲ့ ၇ ပွဲမှာ ၆ ပွဲ အထိ အနိုင်ရကာ သရေ ၁ ပွဲပဲ ရှိထားပါတယ်။ ဂျူဗင်တပ်စ်ဟာ လာမယ့် ဇန်နဝါရီ ၁၈ ရက်နေ့မှာတော့ စီးရီးအေ ပွဲစဉ် ၂၁ အဖြစ် ကက်ဂလီယာရီကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


